ရခိုင်ဒေသအတွက် ဂျပန်မှ ကူညီထောက်ပံ့သည့် သင်္ဘော ကျောက်ဖြူသို့ ရောက်ရှိမည်

ရခိုင်ဒေသအတွက် ဂျပန်မှ ကူညီထောက်ပံ့သည့် သင်္ဘော ကျောက်ဖြူသို့ ရောက်ရှိမည်
by -
နိရဥ္စရာ
ရခိုင်ကမ်းရိုးတန်းတွင် သွားလာရန် ဂျပန်နိုင်ငံမှ ထောက်ပံ့ထားသည့် သင်္ဘောသည် မတ်လ ၁၄ ရက်နေ့တွင် ကျောက်ဖြူသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးသီဟသိန်းက နိရဥ္စရာသို့ ပြောကြားသည်။

“ ဒီနေ့ ဂျပန်က သင်္ဘော ကျောက်ဖြူကို ၀င်ဖို့ရှိတဲ့ အတွက် ဒီက ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းတို့၊ စက်မှု အင်ဂျင်နီယာသွားကြပြီ။ ကျွန်တော်ဆက်သွယ်ကြည့်တော့ သင်္ဘောက ဒီနေ့ မဝင်နိုင်ဘူး။ မနက်ဖြန် ညနေပိုင်းလောက်မှဘဲ ၀င်နိုင်မယ်လို့ သိရပါတယ်” ဟု ဦးသီဟသိန်းက ပြောသည်။

ရခိုင်ပြည်နယ် ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာနသို့ ဆက်သွယ်ရာ လက်ထောက်မန်နေဂျာ ဦးတင်ဝင်း “ မနက်ဖြန် ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ အခု စင်္ကာပူကနေ သင်္ဘောကြီးနဲ့ တင်ဆောင် လာတယ်လို့ သိရပါတယ်။ အခု လူကြီးတွေလည်း လက်ခံ ကြိုဆိုဖို့ ကျောက်ဖြူကို သွားကြပါပြီ” ဟု သူက နိရဥ္စရာသို့ ပြောသည်။

ယခုသင်္ဘောမှာ ဂျပန်တွင် ပြေးဆွဲထားသည့် သင်္ဘော ဖြစ်ပြီး ရခိုင်တွင် စစ်တွေနှင့် တောင်ကုတ်၊ မြေပုံ၊ မာန်အောင်တို့အကြား ပြေးဆွဲမည် ဖြစ်ကာ ပင်လယ်ပြင်တွင် သွားလာနိုင်သည့် သင်္ဘော ဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ ဂျပန်က လှူဒါန်းတဲ့ ခရီးသည်တင်သင်္ဘောကို ကစ္စပနဒီ(၁) လို့ အမည်ပေးထားပါတယ်။ လူပေါင်း ၁၄၅ ဦးဆန့်ပါတယ်။ ကျောက်ဖြူကို ရောက်ပြီးရင်တော့ ဒီလ ၂၉ ရက်နေ့မှာတော့ စစ်တွေမှာ ဖွင့်ပွဲပြုလုပ်ပြီး ပြေးဆွဲသွားမှာပါ” ဟု ဦးတင်ဝင်းက ဆက်လက် ပြောဆိုသည်။

အောင်တံခွန် သင်္ဘော ၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်နေ့က နစ်မြုပ်ခဲ့ပြီးနောက် အစိုးရပိုင် သင်္ဘော များ ခိုင်ခန့်မှု မရှိသဖြင့် ကမ်းရိုးတန်း ဒေသတွင် ပြေးဆွဲမှုကို ရပ်နားထားခဲ့ရသည်။ ယင်းနောက်ပိုင်း ဂျပန်မှ သင်္ဘော သုံးစီး ကူညီရန် သဘောတူထားသည်။ ဂျပန်မှ ယခု ပထမဆုံး သင်္ဘောရောက်မှ ရခိုင် ကမ်းရိုးတန်း ဒေသတွင် ပြန်လည် ပြေးဆွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...