လှေစီးရွှေ့ပြောင်းသူများအား အကူအညီပေးရေးနှင့် ကာကွယ်ရေးဆောင်ရွက်မည်

လှေစီးရွှေ့ပြောင်းသူများအား အကူအညီပေးရေးနှင့် ကာကွယ်ရေးဆောင်ရွက်မည်
by -
မဇ္ဈိမ
ရိုဟင်ဂျာဟုဆိုသည့် မြန်မာနိုင်ငံမှ ဘင်္ဂါလီများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းသွားလာသူများအတွက် လူသားချင်းစာနာသည့် အကူအညီများအား နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ IOM မှတဆင့် သြစထြေးလျက သြစတြေးလျ ဒေါ်လာ ၆ သန်းနှင့် အမေရိကန်က ယူအက်စ် ဒေါ်လာ ၃ သန်းပေးမည်ဟု သိရသည်။

ယင်းအကူအညီများအနက် သြစထြေးလျက သူ၏ ဒေါ်လာ တစ်သန်းကို အိန္ဒိယသမုဒ္ဒရာအတွင်းမှ ကယ်တင်ခဲ့သူများ အတွက်နှင့် ၅ သန်းကို ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ကော့ဇ်ဘဇားရှိ ဒုက္ခသည်များအတွက် ကူညီမည်ဖြစ်သည်။

ထိုအကူအညီပေးမှုကို ၁၇ နိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ မေလ ၂၉ ရက်က ကျင်းပသော ပုံမှန်မဟုတ်သည့်ရွှေ့ပြောင်းသူများ အစည်းအဝေးတွင် ကတိပြုကြခြင်းဖြစ်သည်။

လူကုန်ကူးသူများက စွန့်ပစ်ခဲ့ပြီး ငါးဖမ်းလှေများဖြင့် ပင်လယ်ကမ်းခြေများတွင် ရွှေ့ပြောင်းသူများအား ကယ်ဆယ် ပြီးနောက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် တွေ့ဆုံဆွေးနွေးကြရာတွင် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် လေ့လာသူများလည်း တက်ရောက်ခဲ့ကြသည်။

နိုင်ငံတကာရွှေ့ပြောင်းသူများအဖွဲ့ IOM၊ ကုလဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးတို့မှ တာဝန်ရှိသူများကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံ အာဏာပိုင်များက ၄င်းတို့ နိုင်ငံတွင်းရှိ ရွှေ့ပြောင်းဒုက္ခသည်များအရေး စိစစ်လေ့လာလာနိုင်ရန် ခွင့်ပြုခဲ့ကြသည်။

ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီး ထနာဆတ် ပတ်တိမာပရာဂွန်ကလည်း ပြီးခဲ့သည့် ရက်သတ္တပတ်များက ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိလာသည့် လှေစီးရွှေ့ပြောင်းသူ ၆၀၀ ဦးကို နိုင်ငံတောင်ပိုင်း၌ ယာယီနေရာချထားပေးကြောင်း ပြောဆိုသည်။

လှေစီးရွှေ့ပြောင်းသူများအား ဆေးကုသမှုနှင့် နိုင်ငံသား စိစစ်နိုင်ရန်အတွက် အန်ဒမန်ပင်လယ်အတွင်းသို့ သင်္ဘောနှစ်စီးစေလွှတ်သွားမည်ဟုလည်း ပြောသည်။

ထို့ပြင် ပင်လယ်တွင်း လမ်းပျောက်မျောပါနေကြသည့် လှေစီးရွှေ့ပြောင်းများအား ရှာဖွေမည့် အမေရိကန် လေတပ်လေယာဉ်များကို ထိုင်းနိုင်ငံအား အခြေပြု ပျံသန်းခွင့်ပြုမည်ဟုလည်း ထိုင်းဗိုလ်ချုပ်ကြီးက ပြောသည်။ ပင်လယ်တွင်း လမ်းပျောက်မျောပါနေသည့် ရွှေ့ပြောင်းဦးရေ အတိအကျကို မသိရသေးသော်လည်း ထိုင်းဗိုလ် ချုပ်ကြီးကမူ "၇၀၀၀ ကနေ ၉၀၀၀ အကြားလည်းဖြစ်နိုင်တယ်။ ၃၀၀၀ လောက်ပဲလည်းဖြစ်နိုင်တယ်" ဟု ဆိုသည်။

မေလ ၂၉ ရက်နေ့က ကျင်းပသည့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက လှေစီးရွှေ့ပြောင်းသူများအား လူသားချင်းစာနာမှု အကူအညီများ အလျင်အမြန်ပေးရန်နှင့် လူကုန်ကူးမှု ကွန်ယက်ကြီးအား တိုက်ဖျက်ရန်၊ တရားမဝင်ရွှေ့ပြောင်းသွားလာမှုများအား ကာကွယ်ရန် လိုအပ်ကြောင်း ပြောဆိုမှတ်ချက်ပြုကြသည်။

မြန်မာကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ခေတ္တညွှန်ကြား ရေးမှူးချုပ် ဦးထင်လင်းကမူ မြန်မာ့ရေပိုင်နက်အတွင်း၌ မြန်မာရေတပ်နှင့် လေတပ်တို့က ပုံမှန်ကင်းလှည့်မှုများရှိနေပြီး တရားမဝင်ဖြတ်ကျော်လာသူများကို အကူအညီပေးမှုများလည်းရှိကြောင်း ပြောသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...