မြောက်ဦးမြို့မှ ပိုးတွေ့လူနာများသွားရောက်ခဲ့သည့် စစ်ရှောင်စခန်းများကို အဝင်၊ အထွက်ပိတ်ပင်ထား

မြောက်ဦးမြို့မှ ပိုးတွေ့လူနာများသွားရောက်ခဲ့သည့် စစ်ရှောင်စခန်းများကို အဝင်၊ အထွက်ပိတ်ပင်ထား
ဓာတ်ပုံ - ချမ်းအေး / ဇွန်လအတွင်းက မြင်တွေ့ရသည့် မြောက်ဦးမြို့ပေါ်ရှိ မြတန်ဆောင်းစစ်ဘေးရှောင်စခန်း
ဓာတ်ပုံ - ချမ်းအေး / ဇွန်လအတွင်းက မြင်တွေ့ရသည့် မြောက်ဦးမြို့ပေါ်ရှိ မြတန်ဆောင်းစစ်ဘေးရှောင်စခန်း

နှင်းနွယ် — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က Covid-19 ပိုးတွေ့လူနာ (RI) ကျန်းမာရေးဝန်ထမ်းသုံးဦး သွားရောက်ခဲ့သည့် စစ်ဘေးရှောင်စခန်းများအားလုံးကို အဝင်/အထွက် ကန့်သတ်ထားလိုက်ပြီဖြစ်ကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။

သြဂုတ်လ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြောက်ဦးမြို့မှ ပိုးတွေ့လူနာအမှတ် (၄၀၈)၊ လူနာအမှတ် (၄၄၀) နှင့် လူနာအမှတ် (၄၄၁) တို့သည် လွန်ခဲ့သည့် အချိန် ၂ ပတ်အတွင်းက မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၄ ခု၌ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများသွား ရောက်လုပ်ဆောင်ပေးခဲ့ကြောင်း (Relief International, Myanmar Country Office မှ သြဂုတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ပိုးတွေ့လူနာများနှင့်ထိတွေ့မှုရှိခဲ့သည့် စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူများအား နေအိမ်အတွင်း၌ စောင့်ကြည့်လူနာအဖြစ်ထားရှိပြီး အဝင်/အထွက်များကိုလည်း သြဂုတ်လ ၂၁ ရက်နေ့ကတည်းက ပိတ်ပင်ထားခဲ့သည်။

သို့သော် ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများအား ကျန်းမာရေးဌာနမှ ယနေ့အချိန်ထိ တစ်စုံတစ်ရာ လာရောက်ကြည့်ရှုခြင်း မရှိသေးကြောင်း မြောက်ဦးမြို့နယ်၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးအောင်စိန်ဦးက DMG သို့ ပြောသည်။

“ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို အခုအချိန်ထိ ကျန်းမာရေးစောင့်ရှောက်မှု ဘာတစ်ခုမှ လုပ်ပေးတာမရှိသေးဘူး။ ကျနော်တို့ဖြစ်စေချင်တာက လူနာနဲ့ထိတွေ့ခဲ့သူတွေကို အပူချိန်တိုင်းကြည့်တာတို့၊ ပိုးရှိ/မရှိ စစ်ဆေးကြည့်တာတို့ လုပ်ပေးစေချင်တယ်။ ဒီတိုင်းသာဆက်သွားနေလို့ တကယ်လို့ သူတို့တွေမှာသာ ပိုးရှိခဲ့မယ်ဆိုရင် စခန်းကလူတွေအကုန်လုံး ကူးစက်ခံရပြီးတော့ ဒုက္ခရောက်သွားနိုင်တယ်” ဟု ၎င်းကပြောသည်။

ယင်းပြင် ပိုးတွေ့လူနာများမှာ မြောက်ဦးမြို့ပေါ် စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်များနှင့်လည်း ထိတွေ့ဆက်စပ်မှုများရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုမှုများရှိသဖြင့် မြို့ပေါ်၌ရှိသည့် စစ်ဘေးရှောင်စခန်း (၁၄) ခုကိုလည်း သြဂုတ်လ ၂၃ ရက်မှ စတင်ကာ အသွားအလာ ကန့်သတ်ထားလိုက်ကြောင်း သက်ဆိုင်ရာစစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။

မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်မှ စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးကျော်မင်းက “ကျန်းမာရေးဌာနနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကတော့ ဘာမှထုတ်ပြန်ထားတာ မရှိသေးဘူး။ ကျနော်တို့ကသာ ရောဂါပိုးကူးစက်မှာကို ကြောက်တဲ့အတွက် ကိုယ့်အစီအစဉ်နဲ့ကိုယ် ကန့်သတ်ထားတာ။ အပြင်ကိုသွားရမယ်ဆိုရင်တော့ လက်ဆေးရမယ်။ Mask တပ်ရမယ်ဆိုပြီးတော့ စည်းကမ်းချထားတယ်။ ဒီထက်ပိုပြီး ကာကွယ်နိုင်ရေးအတွက်လည်း စီစဉ်နေတယ်” ဟု သူကပြောသည်။

ဒေသခံများအနေဖြင့် ရောဂါပိုးကူးစက်ခံရမည်ကို စိုးရိမ်သော်လည်း စားဝတ်နေရေးကြောင့် အပြင်သို့ မဖြစ်မနေ သွားလာနေရသူများမှာ ငွေကြေးအခက်အခဲကြောင့် Mask ဝယ်မတပ်နိုင်ဘဲ သွားလာနေမှုများရှိသဖြင့် ရောဂါပိုးကူးစက်မှုများပြားလာမည်ကို စိုးရိမ်မိကြောင့် မြောက်ဦးမြို့ခံ မဦးမြင့်ရီက ပြောသည်။

“အခုက Mask တွေကလည်း ဈေးကြီးတော့ မဝယ်နိုင်တဲ့သူတွေက Mask မတပ်ဘဲ သွားလာနေရတယ်။ ရောဂါကလည်း အရင်ထက်ပိုပြီး ကူးစက်မြန်တဲ့အတွက် ဘယ်သူ့ဆီမှာ ကူးစက်နေမှန်းလည်း မသိနိုင်တဲ့ အခြေအနေမျိုးမှာ လူတွေအတွက် ပိုပြီး ထိတ်လန့်စရာဖြစ်လာတယ်။ နောက်ပြီးတော့ တမြို့လုံးကို အသွားအလာ ကန့်သတ်ထားတာ မဟုတ်တော့ အပြင်သွားလာသူတွေဆီက ကူးစက်မှုတွေဖြစ်လာမှာကိုလည်း စိုးရိမ်နေရတယ်’’ ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းအထိ တစ်ပတ်ကျော်ကာလအတွင်း covid-19 ရောဂါပိုးကူးစက်ခံရသူစုစုပေါင်း ၇၂ ဦးအထိရှိပြီး ထိုအထဲတွင် စစ်တွေမြို့နယ်မှ ၆၇ ဦး၊ သံတွဲမြို့နယ်မှ ၂ ဦးနှင့် မြောက်ဦးမြို့နယ်မှ ၃ ဦးပါဝင်သည်။

ယခင်ပိုးတွေ့ရှိခဲ့ပြီး ရောဂါကင်းစင်၍ ဆေးရုံမှဆင်းသွားသူ ၁၆ ဦးရှိသဖြင့် ရခိုင်ပြည်နယ်တွင် covid-19 ရောဂါပိုးတွေ့ရှိသူ ၈၈ ဦးအထိ ရှိလာပြီဖြစ်သည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...