အမ်းဒေသခံသုံးဦး ကဇုကိုင်းတံတားအနီးတွင် ပစ်ခတ်ခံရ

အမ်းဒေသခံသုံးဦး ကဇုကိုင်းတံတားအနီးတွင် ပစ်ခတ်ခံရ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုအတွင်းရှိ ကွေ့ရှည်ကျေးရွာမှ ဒေသခံသုံးဦးမှာ ကဇုကိုင်း တံတားအနီးတွင် ပစ်ခတ်ခံရသဖြင့် နှစ်ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

၎င်းတို့သုံးဦးသည် သြဂုတ်လ ၁၉ ရက်နေ့ ည ၈ နာရီခန့်တွင် ကွေ့ရှည်ကျေးရွာမှ ကမ်းထောင့်ကြီးသို့ စက်လှေဖြင့်သွားစဉ် ကဇုကိုင်းတံတားအနီးရှိ တပ်မတော်လုံခြုံရေးဂိတ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမ်းမြို့ ဒေသခံ ကိုမျိုးလွင်က ပြောသည်။

“ကဇုကိုင်းတံတားအနီးကို ရောက်တဲ့အခါ တပ်မတော်က တပ်စွဲထားတဲ့အတွက် ကြောက်လို့ စက်ကိုမနှိုးဘဲ သွားတာ။ အဲဒီမှာ လက်နက်ကြီးနဲ့ သုံးချက်လှန်းပစ်တယ်။ နောက်လက်နက်ငယ်တွေနဲ့ လှန်းပစ်တယ်။ လက်နက် ငယ်တွေနဲ့ပစ်ခတ်တဲ့အခါ ဦးမိုးအောင်ဆိုသူမှာ ပေါင်ကျိုးသွားတယ်” ဟု ကိုမျိုးလွင်ကဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးမိုးအောင်(၄၈)နှစ်မှာ ဘယ်ဘက်ပေါင်ကျိုးဒဏ်ရာ၊ ဦးခင်မောင်ရွှေ (၄၂)နှစ်တွင် ညာဘက်ပေါင် ရှပ်ထိဒဏ်ရာများ ရရှိသွားခဲ့သည်။

ကွေ့ရှည်ကျေးရွာသားသုံးဦးသည် ကမ်းထောင့်ကြီးစစ်ဘေးရှောင်စခန်းသို့ ပြောင်းရွှေ့ရန်အတွက် အိမ်သုံးပစ္စည်းများကို ပထမအကြိမ် စက်လှေဖြင့်ပို့ဆောင်ရန်သွားစဉ် ယင်းသို့ ပစ်ခတ်ခံရခြင်းလည်းဖြစ်သည်။

လက်ရှိတွင် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိသူနှစ်ဦးထဲမှ ဦးမိုးအောင်မှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရသဖြင့် ယနေ့ (သြဂုတ်လ ၂၀ ရက်) နေ့လည်ပိုင်းက စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ကမ်းထောင့်ကြီးမြို့မှ ကူညီဆောင်ပေးနေသူတစ်ဦးက ပြောသည်။

“သူ့မှာ ပေါင်ကျိုးသွားတယ်။ ဒဏ်ရာက ပြင်းထန်တဲ့အခါကျတော့ ကမ်းထောင့်ကြီးမှာ ကုလို့မရဘူး။ အဲဒါကြောင့် စစ်တွေဆေးရုံကို ပို့ဆောင်လိုက်တာ”ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ် ထွန်းထွန်းညီတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။

အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုတွင် ကျေးရွာပေါင်း ၄၀ ခန့်ရှိပြီး စားဝတ်နေရေးအတွက် အမ်းမြို့နှင့် ကမ်းထောင့်ကြီးမြို့တို့ကို မှီခိုအားထားနေကြရသည်။

ပြီးခဲ့သည် ဖေဖော်ဝါရီလအတွင်း ဒါးလက်ချောင်းအား ကုန်းလမ်း၊ ရေလမ်းခရီးသွားလာမှုကို ပိတ်ပင်ထားသည့် အတွက် ဒေသခံများမှာ စားဝတ်နေရေးအခက်အခဲများ ကြုံခဲ့ရသည်။

ဇူလိုင်လ ၁၃ ရက်နေ့က မြေပုံမြို့နယ်၊ ကျောက်ဖြာကျေးရွာမှ ဒေသခံနှစ်ဦးမှာ ကမ်းထောင့်ကြီးသို့ စက်လှေ ဖြင့်သွားစဉ် အဆိုပါ ကဇုကိုင်းတံတားအနီး၌ ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိသွားခဲ့သည်။

အလားတူ ဧပြီလအတွင်းကလည်း ကမ်းထောင့်ကြီးမြို့မှ ကိုဆန်းဝင်းထွန်း(၂၇)နှစ်သည် ရန်ကုန်မှလာသည့် ခရီးသည်များကို ယူဆောင်ရန်သွားစဉ် ယင်းတံတားအနီးတွင်ပစ်ခတ်ခံရပြီး ဘယ်ဘက်ပေါင်ကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့သည်။

ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...