ရခိုင်လူငယ် ညီလာခံ ကျင်းပရေးနှင့် ပတ်သက်ပြီး ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ရခိုင်လူငယ် ညီလာခံ ကျင်းပရေးနှင့် ပတ်သက်ပြီး ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်
by -
နိရဥ္စရာ
ပြည်တွင်း ပြည်ပ ရခိုင်လူငယ်များအားလုံး ပူးပေါင်း ပါ၀င်တက်ရောက်နိုင်မည့် ရခိုင်လူငယ် ညီလာခံ တစ်ခု ကျင်းပနိုင်ရေး အတွက် ရခိုင်လူငယ်များမှ ကြိုးပမ်းနေကြရာ ၎င်းညီလာခံကျင်းပရေးနှင့် ပတ်သက်ပြီး မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ Hotel Grand United တွင် သတင်းစာရှင်းလင်းပွဲ တစ်ခုကို ကျင်းပ ပြုလုပ်ခဲ့သည်။

၎င်းသတင်းစာရှင်းလင်းပွဲတွင် မာန်အောင်တွင် ပြုလုပ်ခဲ့သော အကြို ရခိုင်လူငယ်ညီလာခံမှသည် ယနေ့ထိ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်ပြီး ဦးဆောင် လူငယ်ခေါင်းဆောင် တစ်ဦး ဖြစ်သူ မမေမြတ်စံက စတင် ရှင်းလင်း ပြောကြားပြီး ဘဏ္ဍာရေးရှင်းတန်းကို လူငယ်ခေါင်းဆောင် ကိုခင်သိန်းက ရှင်းလင်း ပြောကြားခဲ့သည်။

“ ရခိုင်လူငယ်များအားလုံး တက်ရောက်နိုင်မယ့် ညီလာခံကြီးကို လာမယ့် ဒီဇင်ဘာလမှာ တောင်ကုတ်မြို့တွင် ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု လူငယ်ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုထွန်းထွန်း (မြောက်ဦး) မှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရခိုင်လူငယ် ညီလာခံကိုု ဦးတည်ချက် ၃ ရပ်ဖြင့် ကျင်းပသွားမည် ဖြစ်ပြီး ၎င်းဦးတည်ချက်များမှာ ရခိုင့်အမျိုးသား အကျိုးစီးပွားကို ရခိုင်လူငယ်ထုတစ်ရပ်လုံး အတူတကွ ပူးပေါင်းပါ၀င် ဆောင်ရွက်နိုင်ရေး၊ ရခိုင့်အနာဂတ် တည်ဆောက်ရေးတွင် ရခိုင်လူငယ်ထု၏ ဘုံသဘောတူညီချက်များထွက်ပေါ်လာနိုင်ရေးနှင့် ရခိုင်တစ်မျိုးသားလုံး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိလာစေရန် လူငယ်များထိရောက်စွာ ပါ၀င်ဆောင်ရွက်နိုင်ရေးတို့ ဖြစ်ကြောင်း သိရသည်။

ရခိုင်လူငယ်ညီလာခံသို့ ရခိုင်လူငယ်များသာမက ရခိုင်မျိုးနွယ်စုဝင် ဖြစ်ကြသည့် သက်၊ မြို၊ ခမီ၊ မရမာကြီးစသည့် လူမျိုး ခုနှစ်ခုမှ လူငယ်များကိုလည်း ဖိတ်ကြားသွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် လူငယ်ခေါင်းဆောင် လေးတောင်သူ မယုသဇင်နို်င်မှ ပြောကြားသည်။

ညီလာခံ ကျင်းပမည့် ရည်ရွယ်ချက်များနှင့် ပတ်သက်ပြီးလည်း သတင်းစာရှင်းလင်းပွဲတွင် တက်ရောက် ရှင်းလင်းသူ လူငယ် ခေါင်းဆောင် ကိုအောင်နိုင်က “ လွတ်လပ် အားကောင်းတဲ့ လူငယ် အစုအဖွဲ့ တစ်ရပ် ခိုင်မာစွာ ပေါ်ထွန်းလာဖို့ရယ်၊ နောက် ရခိုင်လူငယ်တွေ စွမ်းရည်မြင့်မားလာပြီး ကဏ္ဍအသီးသီးမှာ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့နဲ့ ရခိုင် အပါအဝင် ဘဝတူ တိုင်းရင်းသားတို့ရဲ့ မူလရပိုင်ခွင့် အခွင့်အရေးများ ရရှိရေးနဲ့ တစ်ခြားတိုင်းရင်းသားတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲတွင် ရခိုင်လူငယ် ညီလာခံ အစပြုကော်မတီမှ တာဝန်ယူ လုပ်ဆောင်ခဲ့ လုပ်ငန်းတာဝန်များ၊ ဘဏ္ဍာငွေကြေးများကို ရခိုင်လူငယ် ညီလာခံ ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။

ရခိုင်လူငယ် ညီလာခံ ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီတွင် ပါ၀င်ကြသူများမှာ မအေးမြတ်ကျော်(စစ်တွေ)၊ ကိုကျော်မင်းခိုင်(ရသေ့တောင်)၊ ကိုဝင်းဇော်( တောင်ကုတ်)၊ မယုသဇင်နိုင်(ရန်ကုန်)၊ ကိုဇော်ဇော်ထွန်း (စစ်တွေ)၊ မရွှေလာ(မြောက်ဦး)၊ မမြတ်နိုးသာ(တောင်ကုတ်)၊ ကိုကောင်းမြတ်ကျော် (မင်းပြား)၊ ကိုထွန်းထွန်း( မြောက်ဦး)၊ ကိုမင်းသဏ်းစံ( ဘူးသီးတောင်)၊ ကိုအောင်နိုင်( ဖားကန့်)နှင့် မစုမြတ်ထွေး (ရမ်းဗြဲ) တို့ ဖြစ်ကြသည်။

မတ်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အခမ်းနားမှူး အဖြစ် ကိုထွန်းလိူင်က တာဝန်ယူဆောင်ရွက်ခဲ့ပြီး ပြည်သူ့ လွှတ််တော်ကိုယ်စားလှယ် ဦးဦးလှစော၊ ရခိုင်လူငယ်ခေါင်းဆောင်များနှင့် သတင်းထောက်အများအပြား တက်ရောက်ခဲ့ကြသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...