ဘူးသီးတောင်မြို့နယ် ကျေးရွာ ၂၅ ရွာမှ ဒေသခံများ စားနပ်ရိက္ခာအတွက် စိုးရိမ်နေ

ဘူးသီးတောင်မြို့နယ် ကျေးရွာ ၂၅ ရွာမှ ဒေသခံများ စားနပ်ရိက္ခာအတွက် စိုးရိမ်နေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်အထက်ပိုင်းရှိ ကျေးရွာအုပ်စု ၃ ခုမှ ရွာပေါင်း ၂၅ ရွာတွင် စားနပ် ရိက္ခာပြတ်လပ်မည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံများကပြောသည်။

အဆိုပါကျေးရွာများမှာ လင်းယုန်ကျေးရွာအုပ်စုမှ ရွာပေါင်း ၁၂ ရွာ၊ သြရမကျေးရွာအုပ်စုမှ ရွာပေါင်း ၉ ရွာနှင့် ပြင်ချောင်းကျေးရွာအုပ်စုမှ ရွာ ၄ ရွာတို့ဖြစ်ကြသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းက ယင်းဒေသတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ဖြစ်ပွားမှုများရှိခဲ့ပြီးနောက် ဒေသခံကျေးရွာသားများမှာ တောတောင်များနှင့် ယာခင်များသို့ မသွားရောက် နိုင်ကြတော့ဘဲ ရှိကြသည်။

ထို့ပြင် စားနပ်ရိက္ခာများကိုလည်း သယ်ယူခွင့်မရရှိကြသဖြင့် လက်ရှိမှာ အစားအစာပြတ်လပ်မည်ကို စိုးရိမ် နေရကြောင်း ဒေသခံများကပြောသည်။

လတ်တလောတွင် နိုင်ငံတကာကြက်ခြေနီအသင်း(ICRC)၏ အထောက်အပံ့ကိုမှီခိုကာ စားသောက်နေကြ ရကြောင်း လင်းယုန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ကိုမုခကပြောသည်။

“ကျွန်တော်တို့ ကျေးရွာသူ/သားတွေက အခု တောထဲလည်း မသွားရဲဘူး။ မိုင်းအန္တရာယ်ကို ကြောက်ကြတယ်။ စစ်ကြောင်းနဲ့တိုးရင်လည်း မသင်္ကာလို့ ဖမ်းဆီးခံရမယ်။ ဘာမှလုပ်စားလို့ မရတောဘူး။ ICRC ရိက္ခာကိုပဲ မျှော်နေ ကြရတာ” ဟု ၎င်းကဆိုသည်။

စားနပ်ရိက္ခာ အခက်အခဲရှိနေသည့် အဆိုပါကျေးရွာ ၂၅ ရွာအား ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းမှ ၂၀၂၀ ခုနှစ် ဧပြီလ အထိ ICRC မှ ရိက္ခာထောက်ပံ့ပေးခဲ့ကာ ပြီးခဲ့သည့် မေ၊ ဇွန်၊ ဇူလိုင်လများက ရိက္ခာထောက်ပံ့မှုမရှိခဲ့သဖြင့် စားနပ်ရိက္ခာပြတ်လပ်မှုကြုံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ရိက္ခာပြတ်တာ သုံးလလောက်ရှိပြီ၊ ဘယ်လောက်ထိပြတ်လဲဆိုရင် ဆန်ပြုတ်ကြိုသောက်နေရတယ်၊ အဲလို ပြုတ်ဖို့ဆန်ကို ဘယ်ကရလဲဆိုတော့ ရွာသူရွာသားတွေက မျှစ်တွေကိုချိုးထားတယ်၊ မွတ်ဆလင်တွေက ဆန်နဲ့ လာလဲတယ်” ဟု ပြင်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်လှကဆိုသည်။

ICRC အနေဖြင့် အဆိုပါကျေးရွာများသို့ ထောက်ပံ့ပေးမည့် ထောက်ပံ့ရေးပစ္စည်းများရှိနေသော်လည်း မိုးရာသီ ဖြစ်သည့်အတွက် ဝေးလံသည့်နေရာများသို့ ထောက်ပံ့ရာတွင် ကြန့်ကြာမှုများရှိနေရခြင်းဖြစ်ကြောင်း မောင်တောခရိုင် ICRC ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ရိက္ခာထောက်ပံ့မှုကတော့ စဉ်ဆက်မပြတ်ရှိနေပြီး ကိုဗစ်ကာလဖြစ်တဲ့အတွက် ကျန်းမာရေးဌာနက ထုတ်ပြန်ချက်တွေနဲ့အညီ ဆောင်ရွက်နေရပါတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက လူတစ်ဦးကို ဆန်(၅)ပြည်နှုန်းဖြင့် တစ်လစာစားနပ်ရိက္ခာများကို ICRC မှ ထောက်ပံ့ပေး ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရိက္ခာက တစ်လစာရပါတယ်။ မရတာက ဧပြီလကတည်းက မရတာ။ အခု တစ်လစာရလို့ ဘယ်လိုမှ မလုံလောက်ပါဘူး။ နောက်လတွေ ပေးမလား မပေးဘူးလားဆိုတာလည်း မသိပါဘူး။ ပြောလည်း ပြောမသွားပါဘူး။ ဆန်တွေကတော့ သယ်လို့မရသေးပါဘူး။ မိုးရွာတာများနေလို့ပါ” ဟု ပြင်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်လှက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့်ရှိလာနေပြီး တိုက်ပွဲဖြစ်ပွားရာဒေသများမှ ဒေသခံများမှာလည်း တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများ မလုပ်ဆောင်နိုင် ကြသည့်အတွက် စားဝတ်နေရေး ကျပ်တည်းမှုများ ရှိနေကြသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...