နယ်မြေရှင်းလင်းမည်ဆို၍ ထွက်ပြေးလာသော ရသေ့တောင် စစ်ရှောင်များ အိမ်မပြန်နိုင်သေး

နယ်မြေရှင်းလင်းမည်ဆို၍ ထွက်ပြေးလာသော ရသေ့တောင် စစ်ရှောင်များ အိမ်မပြန်နိုင်သေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံပြည်သူများမှာ ယနေ့အချိန်ထိ နေရပ်ပြန်နိုင်ရန် ခက်ခဲနေဆဲဖြစ်သည်ဟု စစ်ဘေးရှောင်များအား အကူအညီပေးနေသူများက ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး  REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က “ရသေ့တောင် ကျောက် တန်းက ဖြစ်နိုင်ရင် လုံးဝ နေရပ်ပြန်ဖို့ မသင့်သေးတဲ့နေရာပါ။ အခုက နှစ်ဖက်လုံးက စစ်ရေးတင်းမာမှု တွေက လည်း ရှိနေတယ်။ ရှိတဲ့အခါမှာတဖက်က နောက်မဆုတ်ရင် နောက်တဖက်ကလည်း နောက်ပြန်မဆုတ်ကြဘူး။ ဘယ်လိုပဲ နယ်မြေရှင်းလင်းမှုတွေကို မလုပ်တော့ပါဘူး ထုတ်ပြန်နေပေမယ့် လုံးဝလုံခြုံမှုမရှိဘူး။” ဟု ပြောသည်။

ရသေ့တောင်မြို့မှာ နေရာကျဉ်းသောကြောင့်  နေမရသူ အချို့ နေရပ်ပြန်ခြင်းမျိုးရှိသော်လည်း အများစုမှာ မပြန်နိုင်ကြသေးကြောင်း ပြောသည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားသည့် ပေါက်ကွဲမှုက အရပ်သားများ နေရပ်ပြန်နိုင်မှုအတွက် ပိုမိုခက်ခဲစေသည်ဟုလည်း သူက ဆက်ပြောသည်။

ဇွန်လ ၂၄ ရက်နေ့က ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် တပ်မ  တော်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်မည်ဟု ထုတ်ပြန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်လာကြသည့်  ဒေသခံများမှာ ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးပဲရှိနေကြခြင်း ဖြစ်သည်။

ရသေ့တောင်မြို့ တွင် စစ်ရှောင်လေးသောင်းကျော်ရှိပြီး အများစုမှ စစ်ဘေးရှောင်စခန်းဟု သတ်မှတ် ထားသည့်  နေရာများတွင်ရှိမနေပဲ ပြင်ပတွင်သာ နေ နေကြရသည့် အနေအထားဖြစ်သည်ဟု စစ်ရှောင်များအား ကူညီပေး  နေသူများက ပြောသည်။

သြဂုတ်လ ၁၆ ရက်နေ့ ည ၉ နာရီအချိန်ခန့်ကလည်း ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီး လက် နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံရွာသား နှစ်ဦး လက်နက်ကြီးကျည်စ တိမှန်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “တပ်မတော်က ပြောတာက AA ဘက်က လူတွေ ရွာတွေမှာ ခိုအောင်းနေတဲ့အတွက် အဲ့ဒီနယ်မြေတွေကို ရှင်းလင်းဖို့လုပ်တယ်လို့ စာထဲ မှာ  ရေးထားတာတော့တွေ့တယ်။ အဲ့မှာ တိုက်ပွဲတွေဖြစ်လာတယ်။ တော်တော်များများက ထွက်ပြေးလိုက်ရတယ်။ ရွာမှာ လုံးဝ မနေရဲကြတော့ဘူးပေါ့။ နေမြေရှင်းလင်းရေးလုပ်ပြီဆိုတာနဲ့ လူငယ်တွေကလည်း မနေရဲတော့ဘူး။ သူတို့ကို AA နဲ့ ဆက်စပ်မှု ရှိတယ် ဆိုပြီး တပ်မတော်က ဖမ်းဆီးခေါ်ဆောင်တွေရှိတယ်။ ရွာထဲကို စစ်သား  တွေဝင်လာတယ်၊ ဝင်မွှေတယ်၊ ဖမ်းတယ်ဆီးတယ် အမျိုးမျိုးပေါ့ နောက်ဆက်တွဲကတော့” ဟု ပြောသည်။

ကျောက်တန်းတိုက်နယ်အတွင်း ကျေးရွာပေါင်း ၄၃ ရွာရှိပြီး ဒေသခံအများစုမှာ ယနေ့အချိန်ထိ ၎င်းတို့၏  ကျေး ရွာများဆီသို့ မပြန်ရဲကြသေးဘူး ဒေါ်ခင်စောဝေက ပြောသည်။

ဦးဇော်ဇော်ထွန်း က “နယ်မြေရှင်းလင်းရေး လုပ်ပြီဆိုတာနဲ့ ပထမတစ်ချက်က ရွာကို ဝိုင်းလိုက်တယ်။ သေနတ်  တွေနဲ့ ပစ်ခတ်ပြီး ဝင်လာတယ်။ နောက်ပြီး အရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီး အကုန်လုံးကို  နေ အိမ်တွေကနေ ခေါ်ထုတ်တယ်။ ကွင်းပြင်ကြီးတွေမှာ ထားပြီး စစ်ဆေးတယ်။ ထမင်းမကျွေးတာမျိုးတွေလည်း လုပ်တယ်။ အားရအောင် စစ်ဆေးပြီးမှ ပြန်လွှတ်တယ်။ အဲ့မှာ တချို့ဆိုရင် မသင်္ကာရင် မသင်္ကာသလို ရိုက် နှက်စစ်ဆေးတာရှိတယ်” ဟု ပြောသည်။  

ထို့အပြင် “စကားနားမလည်တာတို့၊ မေးတာ မဖြေတတ်တာတို့ဆိုရင် ပိုပြီး ရိုက်နှက်နှိပ်စက်ခံရတာတွေရှိတယ်။ ဒီလို ပုံစံမျိုးတွေ ကြုံရတယ်။ အိမ်ထောင်စုစာရင်းတွေကိုလည်း စစ်တယ်။ အိမ်ထောင်စု စာရင်းမှာမပါပဲ အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ လူတွေကိုဆိုရင်လည်း လက်ခံတဲ့မိသားစုရော၊ ဧည့်သည်တွေကိုရော ဖမ်းဆီးတာပေါ့၊ အဲ့တော့ ရွာသားတွေက ကြောက်လာကြတယ်။ အဲ့တော့ ထွက်ပြေးကြပေါ့ဗျာ။ ကျနော်တို့ဆီ မှာ နယ်မြေရှင်းလင်းရေးဆိုတာ အဲ့လိုအခြေအနေမျိုးတွေ ကြုံနေရတယ်ဗျ” ဟု ဦးဇော်ဇော်ထွန်းက ရခိုင်ပြည် နယ်အတွင်း တပ်မတော်စစ်ကြောင်းများ၏ နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြောသည်။

နယ်မြေရှင်းလင်းမည်ဆိုသည့် တပ်မတော်၏ ထုတ်ပြန်ချက်အပြင်၊ ဒေသအတွင်းတိုက်ပွဲများ၊ ကျေးရွာများ နှင့် အနီးတဝှိုက်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခြင်း၊ ရွာသားများ စစ်ဆေး ဖမ်းဆီးခံရခြင်းတို့ကြောင့်  ကျောက်တန်းတိုက်နယ်အတွင်းက လူဦးရေ တစ်သောင်းကျော် နေရပ်စွန့်ခွာခဲ့သည်မှာ နှစ်လနီးပါး ရှိလာပြီဟု ဒေသခံများက ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ကျနော်တို့ ပြောနေတာ နယ်မြေ ရှင်းလင်းခြင်းဆိုတာ ဒီနယ်မြေထဲမှာ ခိုအောင်းနေတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေ သူပုန်တွေကို ကျနော် တို့က တိုက်ထုတ်တာ။ ကျနော်တို့ စစ်သားတွေတိုင်းမှာလည်း အဲ့လိုစကားလုံး ပြောလိုက်တာနဲ့ ဘာဆိုတာ သဘောပေါက်တယ်။ သို့သော် အင်္ဂလိပ်လို ဘာသာပြန်တဲ့အခါ Clearing opration အကုန်လုံး သုတ်သင် ရှင်း လင်းတယ် ဆိုတာမျိုးပေါ့ မရရအောင် စွဲယူတာပေါ့လေ။ ဒါကတော့ အဓိပ္ပာယ်ဖွင့်တဲ့လူတွေမှာ သူ့ရဲ့ ရည်မှန်း ချက်တော့ ရှိတာပေါ့။ မရရအောင်စွဲယူတဲ့ ရည်မှန်းချက်တော့ ရှိတာပေါ့။ ဒါကြောင့်မို့လို့ ဒီစကားလုံးကို ကျနော် တို့ မသုံးဘူး။ ဒီစကားလုံးနဲ့ ပတ်သက်ပြီး မသုံးဘူး။ တန်ပြန်အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုပြီး သုံးတယ်။ ဒီဟာသည် သုံးနှုန်းတဲ့ အခါမှာ မှားယွင်းသွားတဲ့ အတွက်ကြောင့်မို့လို့ ပယ်ဖျက်လိုက်ခြင်းဖြစ်တယ်။ သို့သော် ကျနော်တို့ ပြောသလိုပဲ ဒါနဲ့ ပတ်သက်ပြီးတော့ တန်ပြန်အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်လျှက် ရှိ တယ်။ အခုချိန်ထိလည်း  ဆောင်ရွက်နေတုန်းပဲ ဖြစ်ပါတယ်” ဟု ဇူလိုင်လ ၂၅ ရက်နေ့က ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲ တွင် ပြောဆိုခဲ့သည်။

တပ်မတော်က ကျောက်တန်းတိုက်နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် ဇွန်လ ၂၄ ရက်နေ့ က ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ နယ်မြေရှင်း လင်းရေးနှင့် ပတ်သက်သည့် အကြောင်းကြားစာကို ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးက ပေးပို့ခဲ့ ခြင်းဖြစ်သည်။

အဆိုပါစာထဲတွင် ကျောက်တန်းကျေးရွာနှင့် အနီးတစ်ဝိုက်တွင်ရှိသည့် ကျေးရွာများတွင် ရက္ခိုင့်တပ်တော် AA အဖွဲ့များ ဖြန့်ကျက်လှုပ် ရှားနေသည့် သတင်းများ ရရှိထားကြောင်း၊ ထို့ကြောင့် AA နှင့် ပတ်သက်ဆက် နွယ် သူများကို လက်မခံထားရန် ပါရှိသည်။

ထို့အပြင် အဆိုပါဒေသကို တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် ကျေးရွာများမှ ခေတ္တတိမ်းရှောင်ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပေးပို့ထားသည့် ထိုအ ကြောင်းကြားစာထဲတွင် ဖော်ပြထားသည်။ ထို့နောက် ဇူလိုင်လ ၂၆ ရက်နေ့က အဆိုပါစာအား ပြန်လည် ရုတ်သိမ်းကြောင်း တပ်မတော်က ပြောဆိုခဲ့သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...