ရွှေကူ လေကြောင်းတိုက်ခိုက်မှုတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးအပါ အရပ်သားများ ဒဏ်ရာရ

ရွှေကူ လေကြောင်းတိုက်ခိုက်မှုတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးအပါ အရပ်သားများ ဒဏ်ရာရ
ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး
ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး

ကချင်ပြည် ရွှေကူမြို့နယ်အတွင်း လူနေရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်းတွင် ရွှေကူမြို့၏ တစ်ဖက်ကမ်းရှိ ကျောက်တလုံး၊ ဆင်တပ်နှင့် ရေလဲကျေးရွာ များဘက်သို့ ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ ညနေ ၄ နာရီခွဲဝန်းကျင်တွင်လည်း ရွှေကူမြို့၊ မော်လမြိုင် (၂) ရပ်ကွက် ကမ်းနားဘက်ရှိ လူနေအိမ်တန်းများနှင့် စက်လှေဆိပ်ကို ထပ်မံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ကို သိရှိသူ ရွှေကူမြို့ခံတစ်ဦးက “မနက်ပိုင်းမှာက ကျောက်တလုံး၊ ဆင်တပ်၊ ရေလဲ အဲ့ဘက်ကိုပစ်တာ ဂျက်ဖိုက်တာ ၅ စီးပေါ့လေ။ ညနေပိုင်းမှာတော့ ၃ စီးနဲ့ လာပစ်တာ။ ကျေးရွာတွေအကုန်လုံးကို လိုက်ပတ်ပစ် နေတာ” ဟု ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မော်လမြိုင် (၂) ရပ်ကွက်အတွင်းရှိ လူနေအိမ်များနှင့် မော်တော်ဘုတ်တစ်စီး ထိမှန်ပျက်စီးခဲ့သည့်အပြင် အခြေအနေ စိုးရိမ်ရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ ကလေးတစ်ဦးနှင့် အမျိုးသားများ အပါအဝင် ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်း ကျေးရွာများဘက် လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ထိခိုက်သေဆုံးသူ ရှိ၊ မရှိကိုမူ သီးခြား အတည်မပြုနိုင်သေးပေ။

ထို့အပြင် ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၁၈ ရက်နေ့ကလည်း မြို့ကုန်းကျေးရွာရှိ ဒေသခံများနှင့် ဗန်းမော် ဘက်မှ စစ်ရှောင်ပြည်သူများ ဆေးကုသမှု ခံယူနေသည့် ဆေးရုံကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဆေးရုံနှင့် ဆေးပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ရသေးသည်။

လက်ရှိတွင် ရွှေကူမြို့နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်များနှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးရသည့် အရပ်သား ဦးရေ ၂၀ ခန့်အထိ ရှိလာနေပြီဖြစ်သည်။

August 21, 2026
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ ဥပုသ်သီလ ဆောက်တည်...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...
August 20, 2026
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အလည်အပတ် နိုင်ငံကူးလက်မှတ် (PV)...