ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာသားနှစ်ဦး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံထားရ

ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာသားနှစ်ဦး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံထားရ

အောင်ထိန် - တပ်မတော်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းဖမ်းဆီးခဲ့သည့် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်း ကျေးရွာဒေသခံနှစ်ဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဇင်ချောင်းကျေးရွာမှ ကိုမောင်အေးနိုင်(၃၇)နှစ်နှင့် ကိုဝင်းနိုင် (၂၇)နှစ်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ- ၅၀(က)၊ ၅၂(ည)တို့ဖြင့် အမှုဖွင့်ထားပြီး သြဂုတ်လ ၁၇ ရက်နေ့က ကျောက်ဖြူမြို့နယ်တရားရုံး၌ ဒုတိယအကြိမ် ချုပ်ရမန်ယူခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

၎င်းတို့နှစ်ဦး၏အမှုနှင့်ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးတင်လှိုင်ဦးက “ရမန်ယူကာလပဲ ရှိသေးတယ်။ ပါဝါမတင်ရသေးဘူး။ ပုဒ်မကလည်း မငြိမ်သေးဘူး၊ ဥပဒေအကြံပေးတဲ့အခါ ပုဒ်မပြောင်းချင်လည်း ပြောင်းသွား နိုင်တယ်။ ရမန်ကြီးနှစ်ပတ်ပြည့်ပြီးရင်တော့ တရားစွဲရတော့မယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က ဇင်ချောင်းကျေးရွာမှဒေသခံလေးဦးကို ကျောက်ဖြူမြို့နယ်မှ တပ်မတော် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယင်းအထဲမှ နှစ်ဦးကိုပြန်လွှတ်ပေးခဲ့ကာ ကိုမောင်အေးနိုင်နှင့် ကိုဝင်းနိုင်တို့ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံရသူနှစ်ဦးအား ရက်ပေါင်း ၂၀ ကျော်ကြာ မိသားစုနှင့် အဆက်အသွယ် မရရှိခဲ့ဘဲ သြဂုတ်လ ၁ ရက်နေ့တွင် တပ်မတော်မှ ၎င်းတို့နှစ်ဦးအား ကျောက်ဖြူမြို့မရဲစခန်းသို့ လွှဲပြောင်းပေးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ကိုမောင်အေးနိုင်နှင့် ကိုဝင်းနိုင်တို့နှစ်ဦးမှာ စစ်ကြောရေးကာလအတွင်း ရိုက်နှက်စစ်ဆေး မေးမြန်းခံခဲ့ရသဖြင့် ဒဏ်ရာဒဏ်ချက်များ ဖြစ်ပေါ်နေသည်ဟု ကိုမောင်အေးနိုင်၏အစ်ကိုဖြစ်သူ ကိုသန်းနိုင်ကပြောသည်။

“မနေ့ကရုံးချိန်းကို ကျွန်တော်တို့သွားတော့ သူ့တို့မှာ ဒဏ်ရာဒဏ်ချက်တွေမြင်ရတယ်။ မျက်နှာတွေ၊ နှာခေါင်းရိုး တွေမှာ အရိုက်ခံရလို့ နှာခေါင်းရိုးတွေ နာတယ်လို့ပြောတယ်။ မျက်လုံးတွေ မှုန်ဝါးဝါးဖြစ်နေတယ်လို့ ပြောတယ်” ဟု ကိုသန်းနိုင်ကဆိုသည်။

အဆိုပါအမှုအား လာမည့် သြဂုတ်လ ၂၈ ရက်နေ့တွင် ထပ်မံရုံးချိန်းထားပြီး အမှုကို ဥပဒေနှင့်အညီ မှန်မှန် ကန်ကန်ဆောင်ရွက်ပေးစေလိုကြောင်း အမှုဖွင့်ခံထားရသူနှစ်ဦး၏ မိသားစုဝင်များက တောင်းဆိုကြသည်။

ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်တို့တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း အေအေနှင့်ဆက်စပ်ပြီး သံသဖြင့်ဖမ်းဆီးခံထားရသူ ၅၀ ဦးခန့် ရှိနေပြီဖြစ်သည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...