သျှစ်သောင်းမြှောက်ပွဲ(ခေါ်) သဲပုံစေတီပွဲအား ရှေးယခင်ရခိုင်ဘုရင်မင်းအဆက်ဆက်မှ မြောက်ဦးခေတ် နှောင်းပိုင်းအထိ ကျင်းပလာခဲ့ပြီး ရခိုင်ဘုရင်နိုင်ငံတော် ပျက်စီးမှုနှင့် အတူ ၎င်းရိုးရာ ယဉ်ကျေးမှု ပွဲတော်မှာလည်း ပျောက်ကွယ်သွားခဲ့ရသည်ဟု သမိုင်းသုတေသီ ဒွါရာဝတီ အရှင်ကုသလ (ဆရာတော် ငွေသဇင်) မှ နိရဥ္စရာသို့ မိန့်ကြားသည်။
သမိုင်းသုတေသီ ဒွါရာဝတီ အရှင်ကုသလ (ဆရာတော် ငွေသဇင်) သည် ယခုနှစ် ငပလီကမ်းခြေတွင် ကျင်းပနေသည့် သျှစ်သောင်းမြောက်ပွဲခေါ် သဲပုံစေတီပွဲ ပြန်လည်ဖော်ထုတ်ကျင်းပရေးကော်မတီ၏ ဦးဆောင် နာယကဆရာတော် တစ်ပါးလည်း ဖြစ်သည်။
“ သက္ကရာဇ် ၁၇၈၄ ခုနှစ်နှောက်ပိုင်းကတည်းက မကျင်းပဖြစ်ဘဲ ပျောက်ကွယ်လာခဲ့တာ ဒီပွဲတော်ကို စစ်တွေမှာ စတင် ကျင်းပတယ်။ ဦးဇင်းတို့ သံတွဲငပလီကမ်းခြေမှာ ဦးဇင်းတို့ဦးဆောင်ပြီး ဒီနှစ် ပထမအကြိမ် အဖြစ် စတင်ကျင်းပါတယ်။ ဟိုယခင်ကတော့ ကျင်းပခဲ့တဲ့ အစီအစဉ်မရှိပါဘူး။ဦးဇင်းတို့က စစ်တွေမြို့ သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှူမြင့်တင်ရေး အဖွဲ့နဲ့ ဒီပွဲကို ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။
ပွဲတော်တွင် ဒွါရာဝတီလူငယ်အဖွဲ့မှလည်းပူးပေါင်းအားဖြည့်ကာ စည်ကား သိုက်မြိုက်စွာကျင်းပနေကြောင်း သိရသည်။
“ လူမျိုးတစ်မျိုးရဲ့ တန်ဖိုးဟာ အမျိုး၊ ဘာသာ၊ သာသနာ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ ဖြစ်တဲ့ အတွက် လူမျိုး တစ်မျိုးရဲ့ အမှတ်အသားများပျောက်ကွယ်သွားပါက လူမျိုး ပျောက်ကွယ်ခြင်းနဲ့ အတူတူပါဘဲ။ ဒါကြောင့် တန်ဖိုးမဲ့တဲ့ လူမျိုး တစ်မျိုး မဖြစ်ရအောင် ခုလို ရှေးရိုးရာ ပွဲတော်တွေကို ရခိုင်တစ်ပြည်နယ်လုံး ပြန်လည်ကျင်းပဖို့လိုအပ်ပါတယ်” ဟု ဆရာတော် ဒွါ၀တီ အရှင် ကုသလမှ ဆက်လက်မိန့်ကြားသည်။
သံတွဲမြို့ ခေါ် ဒွာရဝတီမြို့တော်မှာ အလွန်ရှေးကျသည့် ရခိုင်သမိုင်းနှင့် အတူ ယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝရာ ဒေသတစ်ခု ဖြစ်သော်လည်း ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ တစ်ဖြည်းဖြည်း တိမ်ကော ပျောက်ကွယ်လာရာသဖြင့် မျိုးချစ် ပြည်ချစ် ရဟန်းတော်များ၊ ဒေသခံ ပြည်သူများက ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို တစ်စ တစ်စ ပြန်လည် ဖော်ထုတ် ကျင်းပလာခဲ့ကြသည်။
ရခိုင်စည်တော်အဖွဲ့များကိုလည်း သံတွဲခရိုင်တွင် မြို့တိုင်းရွာတိုင်းတွင် ယခုအခါ ဖွဲ့စည်း တည်ထောင်လာခဲ့ပြီး မင်္ဂလာ အခမ်းအနားများ၊ ရှင်ပြုပွဲများတွင် တွင်ကျယ်စွာ တီးခတ်လာကြသည်ဟုသိရသည်။







