ရသေ့တောင်တွင် လက်နက်ကြီးကျည်စထိမှန်၍ အမျိုးသမီးတစ်ဦးအပါအဝင် ၂ ဦးဒဏ်ရာရ

ရသေ့တောင်တွင် လက်နက်ကြီးကျည်စထိမှန်၍ အမျိုးသမီးတစ်ဦးအပါအဝင် ၂ ဦးဒဏ်ရာရ

အောင်ထိန် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ၌ သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၉ နာရီအချိန်တွင် လက်နက်ကြီးကျရောက်မှုကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ရွာသားနှစ်ဦး ကျည်စထိမှန်ပြီး ဒဏ်ရာရရှိ သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ည ၉ နာရီအချိန်တွင် ကျောက်တန်းကျေးရွာ အနောက်တောင်ဘက် ၁ မိုင်ခန့်ဝေးသည့် ထီးစွဲ ကျေးရွာအတွင်း တပ်စွဲထားသော တပ်မတော်စစ်ကြောင်းမှ လက်နက်ကြီးများပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ ပစ်ခတ်စဉ် ကျောက်တန်းကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သောင်းရွှေက ပြောသည်။

“အိပ်နေတဲ့အချိန်မှာ လက်နက်ကြီးကအိမ်နားမှာကျပြီး ပေါက်ကွဲလို့ လည်ပင်းမှာ ထိသွားတာ။ လေပြွန်ကို ထိသွားတာဆိုတော့ နေလို့တော့မကောင်းဖြစ်နေတယ်” ဟု ဦးအောင်သောင်းရွှေက ဆိုသည်။

လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် အသက်(၃၀)အရွယ် ဒေါ်မေလှမှာ လည်ပင်းနှင့် ဦးနိုင်နိုင် (၃၈)နှစ်မှာ ညာဘက်လက်မောင်း၌ ဒဏ်ရာရရှိသွားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ကျောက်တန်းကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် လယ်ထွန်နေသည့် လယ်သမားသုံးဦး ကျည်စထိမှန် ဒဏ်ရာရရှိသွားခဲ့သည်။

အဆိုပါ ကျောက်တန်းကျေးရွာအနီးတစ်ဝိုက်အား တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ခဲ့သဖြင့် ဒေသခံအများအပြားမှာ ရသေ့တောင်မြို့ပေါ်နှင့် စစ်တွေမြို့သို့ တိမ်းရှောင်နေကြသည်။

သို့သော် တချို့မှာ လယ်ယာလုပ်ငန်းကိုင်ရန်အတွက် ကျန်ရှိနေခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့်ကြာမြင့်လာနေပြီဖြစ်သည်။ တိုက်ပွဲကာလအတွင်း မိုင်းထိမှန်မှု၊ လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုတို့ကြောင့် အရပ်သားထိခိုက် သေဆုံး မှုများလည်း နေစဉ်တိုးလာနေသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...