တိုက်ပွဲဖြစ်ပွားရာဒေသများတွင် အင်တာနက်အပြည့်အဝဖွင့်ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်မှ အစိုးရကို တိုက်တွန်း

တိုက်ပွဲဖြစ်ပွားရာဒေသများတွင် အင်တာနက်အပြည့်အဝဖွင့်ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်မှ အစိုးရကို တိုက်တွန်း

မင်းထွန်း - တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မှ မြို့နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက် အပြည့်အဝပြန်ဖွင့်ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၃၀ မှ သြဂုတ် ၁၅ နေ့ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန် တိုက်တွန်းခဲ့သည်။

တစ်နှစ်ကျော်ကြာ အင်တာနက်လိုင်းဖြတ်တောက်ခံခဲ့ရသည့် ရခိုင်မှ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သြဂုတ်လ ၁ ရက်နေ့တွင် 2G စနစ်ဖြင့်သာ ပြန်လည်ဖွင့်ပေးခဲ့သည်။

လက်ရှိ ဖွင့်ပေးထားသည့် 2G အင်တာနက်ဖြင့် အီးမဲလ်(Email)၊ သတင်းစာတို(SMS)နှင့် ဝက်ဆိုက် (Webiste)များ သုံးစွဲမှုအခက်အခဲများကြောင့် ၁၀ တန်းအောင်စာရင်းများကြည့်ရှု၍ အဆင်မပြေမှုများရှိခဲ့ပြီး လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များအတွက် အင်တာနက်ဖြင့် ချိတ်ဆက်ဆောင်ရွက်ရခြင်းမှာ နဂိုမူလ အင်တာနက် ဖြတ်တောက်ခဲ့သည့်အခြေအနေနှင့် ထူးမခြားနားရှိနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

ထို့သို့ 2G အင်တာနက်စနစ်သည် သုံးစွဲ၍အဆင်မပြေသောကြောင့် ပြည်ထောင်စုအစိုးရအနေဖြင့် စေတနာ ရှိရန် လိုအပ်ကြောင်း သဘောထားထုတ်ပြန်ရာတွင်ပါဝင်သည့် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ ဒါရိုက်တာ ဦးခိုင်ကောင်းစံကဆိုသည်။

“အင်တာနက်ဖွင့်ပေးတယ်ဆိုပေမယ့် ပေးတော့ပေး၏မရ ဆိုသလိုပေါ့နော်။ အင်တာနက် 2G ပဲ ရတယ်၊ ဘာမှလည်းလုပ်လို့မရဘူး။ အဲတော့ ပြည်ထောင်စုအစိုးရအနေနဲ့ စေတနာရှိဖို့လိုတယ်၊ လူသားဆန်ဖို့လိုတယ်” ဟု ၎င်းကပြောသည်။

အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း တိုက်ပွဲကာလအတွင်း အပြစ်မဲ့အရပ်သားပြည်သူများသည် လူ့အခွင့် အရေးချိုးဖောက်ခံနေရခြင်း၊ မတရားဖမ်းဆီးခံနေရခြင်းများနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ဆက်လက်ဆုံးရှုံးနေကြရသည်ကြောင်း ဦးခိုင်ကောင်းစံဆိုသည်။

“ဒီလိုစစ်ပွဲဖြစ်နေတဲ့ကာလမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တာအပြင် အပြစ်မဲ့ပြည်သူတွေက ကျည်ဆံ သင့်တဲ့ ဒဏ်တွေကိုခံစားနေရတယ်။ အဲဒီကြားမှာမှ ပြန်ကြားရေးတချို့ကလည်း ဟိုဘက်ကပစ်တယ်၊ ဒီဘက်က ပစ်တယ်ဆိုပြီးတော့ အငြင်းပွားမှုတွေရှိတယ်။ တကယ်လို့သာ အင်တာနက် ဖွင့်ပေးထားမယ်ဆိုရင် ဘယ်က ပစ်လဲဆိုတာ သတင်းအချက်အလက် လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်ရရှိမှာဖြစ်တယ်။ အဲတာကြောင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းရတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် Covid-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များနှင့် လက်လှမ်းဝေးနေခြင်းတို့သည် ဆိုးဝါးလှသော အခြေအနေများကို ဒေသခံများ ဆက်လက်ခံစားနေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ 2G အင်တာနက်စနစ်သည် လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆွယ်ခြင်းနှင့် ပြည်သူများ၏ ဒီမိုကရေစီအခြေခံအကျဆုံးဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ဆန္ဒမဲပေးခြင်း အခွင့်အရေးများအပေါ် တားဆီးနှောက်ယှက်မှုကို ဖြစ်စေမည်ဟု ဖော်ပြ ထားသည်။

လက်ရှိ အင်တာနက်ဖြတ်တောက်ခံထားရသည့်မြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေပြီး စစ်ဘေးဒုက္ခသည် အများအပြားရှိသည့် မြို့နယ်များလည်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် အစိုးရမှ ကြိုတင် အသိမပေးဘဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။

ထို့နောက် စက်တာဘာလ ၁ ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထပ်မံဖြတ်တောက် ခဲ့သည်။

၂၀၂၀ ခုနှစ် မေလ ၂ ရက်နေ့တွင် မောင်တောမြို့နယ်ကို အင်တာနက်လိုင်း ပြန်လည်ဖွင့်ပေးခဲ့ပြီး သြဂုတ်လ ၁ ရက်နေ့တွင် ကျန်သည့်မြို့နယ်များအားလုံးကို ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပိတ်ထားသည့်အင်တာနက်လိုင်းပြန်လည်ဖွင့်ပေးရန် တောင်းဆိုခဲ့သူအချို့ တရားစွဲဆိုခံရမှုများလည်း ရှိခဲ့သည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...