ရခိုင်တွင် လမ်းခရီးအခက်အခဲကြောင့် ဆေးဝါးများ သယ်ယူပို့ဆောင်ရာ၌ ကြန့်ကြာမှုများ ရှိနေ

ရခိုင်တွင် လမ်းခရီးအခက်အခဲကြောင့် ဆေးဝါးများ သယ်ယူပို့ဆောင်ရာ၌ ကြန့်ကြာမှုများ ရှိနေ

ကျော်သူဌေး - ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသောကြောင့် ဆေးဝါးများကို သယ်ယူပို့ဆောင်ရာ၌ လမ်းခရီးတွင် ကြန့်ကြာမှုများရှိနေကြောင်း ဆေးဝါးဖြန့်ဝေနေသူများထံမှ သိရသည်။

ဆေးဝါးများကို ရန်ကုန်မှကားဖြင့်သယ်ယူရာတွင် လမ်းခရီး၌ စစ်ဆေးမှုများရှိသကဲ့သို့ တိုက်ပွဲဖြစ်ပွားပါကလည်း ကားများမကြာခဏပိတ်မိကြသဖြင့် ကြန့်ကြာမှုများရှိခြင်းဖြစ်ကြောင်း ဧကရာဇ်အားမာန် ဆေးကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဦးထွန်းမင်းဦးက ပြောသည်။

“တိုက်ပွဲဖြစ်နေတဲ့အတွက် လမ်းကြောင်းကမရှင်းဘူး။ ပစ္စည်းရောက်တာကြာမြင့်သလို ပို့ဆောင်တဲ့အခါမှာလည်း ကြန့်ကြာမှုတွေရှိတယ်။ ပြီးတော့ လမ်းမှာစစ်ဆေးမှုတွေ ရှိတဲ့အတွက်ကြောင့်လည်း ပစ္စည်းကြန့်ကြာမှုတွေ ရှိတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ လမ်းခရီးတွင်ကြန့်ကြာမှုကြောင့် ဆေးဝါးများပြတ်လပ်မှုများလည်းရှိကြောင်း ဦးထွန်းမင်းဦးက ဆက်ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားရာဒေသမှ ဆေးရုံများတွင် ဆေးကုသရေး၊ ဆေးဝါးသယ်ယူရေးနှင့် လူနာသယ်ယူရေး တို့၌ အခက်အခဲများဖြစ်ပေါ်နေကြောင်း တာဝန်ရှိသူများက ပြောဆိုကြသည်။

ရသေ့တောင်-ပုဏ္ဏားကျွန်း ကားလမ်းပိတ်ထားခြင်းကြောင့် ဆေးဝါးများသယ်ယူရေးနှင့် အရေးပေါ်လူနာများ သယ်ယူရေးတို့တွင် ရေလမ်းခရီးတစ်ခုတည်းကိုသာ အားထားနေရသဖြင့် ကြန့်ကြာမှုများရှိနေကြောင်း ရသေ့တောင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်မြင့်ဦးက ပြောသည်။

“ရေကြောင်းက သယ်ယူရတဲ့အခါမှာ ဆေးတွေကရေစိုပြီး ပျက်စီးသွားတာတွေရှိတယ်။ နှစ်ဆင့်သုံးဆင့် သယ်ယူရတဲ့အခါမှာပေါ့။ ကားနဲ့ကျတော့ တင်ပေးလိုက်လို့ ဂိုထောင်မှာချလိုက်ရင် အဆင်ပြေပြီ။ အခုက ကားလမ်းပိတ်ထားတာကြောင့် ဆေးဝါးသယ်ယူရာမှာ အချိန်ကြန့်ကြာမှုတွေလည်း ရှိတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစပြီး တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကာ လက်ရှိ အချိန်ထိလည်း တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။

ထိုသို့ တိုက်ပွဲဧရိယာထဲမှ ဆေးရုံများတွင် ဆေးကုသရေးအပိုင်း၌ အခက်အခဲများ ဖြစ်ပေါ်နေကြပြီး အရေးပေါ် လူနာများအား လွှဲပြောင်းပေးရာတွင်လည်း လမ်းခရီးကြန့်ကြာမှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသည်များ ရှိခဲ့ကြောင်း ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များက ပြောဆိုကြသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှု၊ မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာ မြင့်တက်လာနေပြီး သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံရစဉ် သေဆုံးသွားသူများလည်းရှိသည်။

ပုံစာ - လုံခြုံရေးစိုးရိမ်ရသောကြောင့် အမ်းမြို့အနီးတွင် ရပ်နားထားသည့် ကုန်တင်ယာဉ်များကို ဧပြီလ ၂၇ နေ့က တွေ့ရစဉ်။ (Photo - K Than Aung's facebook)

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...