အမျိုးသမီးပါတီ (မွန်) က ဧရာဝတီတိုင်းဒေသကြီးတွင်သာ ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်

အမျိုးသမီးပါတီ (မွန်) က ဧရာဝတီတိုင်းဒေသကြီးတွင်သာ ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်
by -
ရန်လင်းအောင် (MNA)

အမျိုးသမီးပါတီ (မွန်) အနေဖြင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးရှိ မဲဆန္ဒနယ်မြေ ငါးခု၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း  ၎င်းပါတီဥက္ကဋ္ဌ မိသန်းရှင်က ပြောသည်။

မွန်ညီညွှတ်ရေးပါတီ ရွေးကောက်ပွဲယှသ်ပြိုင်မည့် နေရာတွေမှာ ဝင်မပြိုင်ဖို့ ညှိနှိုင်းထားတာတွေ ရှိတာကြောင့် ဧရာဝတီတိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“မွန်ပါတီတွေရှိတဲ့နေရာမှာ ကျမတို့ဝင်မပြိုင်ဘူးလို့ ညှိနှိုင်းထားပြီးသား။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက ကြုံခဲ့ပြီးပြီဆိုတော့ မွန်ပါတီဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတဲ့နေရာမှာပဲ ကျမတို့ဝင်ပြိုင်မယ်ဆိုပြီး ဒီဘက်ဧရာဝတီတိုင်းဒေသကြီးဘက်ကို လာခဲ့တယ်” ဟု မိသန်းရှင်က ဟု ပြောသည်။

မွန်ညီညွတ်ရေးပါတီအဖြစ် မွန်အမျိုးသားပါတီ (MNP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) တို့ ပူးပေါင်းရန်ဆောင်ရွက်ခဲ့စဉ်က အမျိုးသမီးပါတီ (မွန်) ကိုလည်း အတူတကွပူးပေါင်းစည်းရန် ညှိနှိုင်းခဲ့သော်လည်း သီးခြားရပ်တည်လိုသောကြောင့် လက်မခံခဲ့ပေ။

အမျိုးသမီးပါတီ (မွန်) ၏ ပါတီဥက္ကဋ္ဌ မိသန်းရှင်က “အမျိုးသမီးပါတီကို ရှားရှားပါးပါး တည်ထောင်ထားရတယ်ဆိုတော့ ကျွန်မတို့က မဖျက်နိုင်ဘူးပေါ့၊ မွန်ပြည်နယ်မှာ ကျွန်မတို့ပါတီဝင်ပြိုင်မယ်ဆိုလို့ရှိရင် မွန်တွေမဲကွဲမယ့် အနေအထားကိုလည်း ကျွန်မတို့ အဖြစ်မခံလိုပါဘူး၊ ငြိမ်းချမ်းစေချင်တာပေါ့နော်၊ မွန်ပြည်နယ်မှာ အချင်းချင်းလည်း ပြဿနာမဖြစ်စေချင်လို့ ကျွန်မတို့ ရှောင်ပေးလိုက်တာပါ”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောနှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် လေးခုတွင် အမျိုးသမီးပါတီ (မွန်) ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

အမျိုးသမီးပါတီ (မွန်) ဥက္ကဋ္ဌ မိသန်းရှင် (ခ) မိလယိုင်မွန်အနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ် ပုသိမ်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ကျောင်းကုန်းမဲဆန္ဒနယ်မှ နှစ်ဦးနှင့် ချောင်းဝမဲဆန္ဒနယ်မှ နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ပါတီအမှတ်စဉ် ၉၆ ဖြင့် အမျိုးသမီးပါတီ (မွန်) ကို မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...