ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်တပ်က ဓာတုဗုံးများအသုံးပြုလာ

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်တပ်က ဓာတုဗုံးများအသုံးပြုလာ

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်က မျက်ရည်ယိုဗုံးကဲ့သို့ အဆိပ်ငွေ့ပါဝင်သော ဓာတုဗုံးများနှင့် အသေခံဒရုန်းများ အသုံးပြုကာ ထိုးစစ်ဆင်လာကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Thantlang ထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့မှစတင်ကာ ဇူလိုင်လ ၁ ရက်နေ့ မနက်ပိုင်းအထိ တစ်လနီးပါးကြာ ထန်တလန်မြို့ ပေါ်တွင် အဆက်မပြတ် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး၊ မြေပြင်ထိုးစစ်တွင် စစ်တပ်ဘက်က အရေးနိမ့်ကာ ကာကွယ်ရေးတပ်ဖွဲ့များက အသာစီးရလာသည့်အတွက် ယခုကဲ့သို့ ဗုံးအဆိပ်ငွေ့များကို အသုံးပြု တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း သိရသည်။

“အခုဆိုရင် စကစ က ဓာတုဗုံးတွေ သုံးလာတယ်။ မြေပြင်ကနေ ထိုးစစ်ဆင်လာတဲ့အခါမှာ ကျွန်တော်တို့ဘက်က အားသာ တာပေါ့။ အဲလိုအားသာတဲ့အခါကျတော့ သူတို့ဘက်က အသေခံဒရုန်းတွေရော ဒရုန်းအကြီးစားတွေပါ သုံးလာတယ်။ နောက်ဆုံးတော့ သူတို့ဘက်က မျက်ရည်ယိုဗုံးလို ပုံစံမျိုးတွေ သုံးလာတာပေါ့။ ကျွန်တော်တို့ ရဲဘော်တွေက အဲဒီဗုံး အငွေ့တွေ ရှူလိုက်ရတဲ့အခါ အားနည်းသလို၊ ခေါင်းမူးသလိုနဲ့ အန်ပြီးတော့ နေလို့ထိုင်လို့ မကောင်းဖြစ်သွားလို့ အဲဒီနေရာကို ခေတ္တရှောင်ပေးလိုက်ရတဲ့ ပုံစံမျိုးရှိတယ်” ဟု CDF-Thantlang ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အဆိုပါ ဓာတုဗုံးကြောင့် တော်လှန်ရေးရဲဘော်များ မူးဝေခြင်း၊ အော့အန်ခြင်းနှင့် နေထိုင်မကောင်းခြင်းများ ခံစားရကြောင်း သိရသော်လည်း အသက်န္တရာယ်စိုးရိမ်ရသည်အထိ ထိခိုက်မှု ရှိမရှိ မသိရသေးပေ။ 

ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီမှစကာ ညသန်းခေါင် ၁၂ နာရီအထိ စစ်တပ်ဘက်က အပြင်းအထန် အဆက် မပြတ် ထိုးစစ်ဆင်တိုက်ခိုက်လာပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က အစွမ်းကုန် ခုခံခဲ့ရကြောင်း ၎င်းက ဆက် ပြောသည်။ 

အဆိုပါတိုက်ပွဲတွင် CDF-Thantlang ရဲဘော် Salai Bia Tak Lian ကျဆုံးခဲ့ကြောင်းသိရသည်။ 

စစ်တပ်သည် နည်းပညာမြင့် အသေခံဒရုန်းများနှင့် ဓာတုလက်နက်များ အသုံးပြု၍ ဖိအားပေးနေသော်လည်း ချင်းတော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ဓာတ်မကျဘဲ မြို့တွင်းတိုက်ပွဲများကို အတတ်နိုင်ဆုံး ဆက်လက်ခုခံသွား မည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း မိမိတို့တတ်နိုင်သည့်ဘက်မှ ဆက်လက်ပံ့ပိုးပေးကြရန် CDF-Thantlang က တောင်းဆိုထားသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ဟားခါးမြို့ဘက်မှ ထန်တလန်မြို့ပေါ်သို့  အင်အားတိုမြှင့် ဝင်ရောက်လာသည့် စစ်တပ် စစ်ကြောင်းသည် မြို့ပေါ်ရှိ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ စုစုပေါင်းအင်အား ၃၀၀ မှ ၄၀၀ ခန့်ဖြင့် ဇွန်လ ၁၀ ရက်နေ့မှစ၍ ချင်းတော်လှန်ရေးတပ်ဖွဲ့များ ခြေကုတ်ယူထားရာ နေရာများကို လက်နက်ကြီးများနှင့် ဒရုန်းများ အသုံးပြုကာ စတင်ထိုး စစ်ဆင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲစတင်ပြီး ပထမ ၅ ရက်အတွင်း ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ထိတွေ့ပစ်ခတ်မှုများအတွင်း စစ်တပ်ဘက်မှ အနည်းဆုံး ၅ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်တပ်သည် ထန်တလန်မြို့လယ်ရှိ ရဲစခန်းအပါအဝင် မြို့တွင်းရှိ "ကြိုဆိုပါ၏" ဆိုင်းဘုတ်အနီး တပ်ကုန်းအထိ နေရာ ၁၀ ခုခန့်တွင် ခြေကုတ်ယူ စခန်းချထားပြီး၊ မြို့၏ ကျန်ရှိသော နယ်မြေဒေသ အများစုကိုမူ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စိုးမိုးထားဆဲဖြစ်ကာ မြို့ပေါ်တိုက်ပွဲများမှာ ရှေ့ဆက်၍ ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

July 1, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တာဝန်ကျနေသည့် တပ်မ (၇၇) လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးသည်...
June 30, 2026
အာဏာသိမ်းစစ်တပ်၏ ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ ထိုးစစ်ဆင်...
June 26, 2026
ဆလိုင်းတင်မောင်ဦး၏ စိတ်ဓါတ်၊ ယုံကြည်ချက်နှင့် ရပ်တည်ချက်များကို ဆုပ်ကိုင်လျက် စစ်အာဏာရှင်စနစ်...
June 24, 2026
ကလေး- တမူးလမ်းမပေါ်ရှိ ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာတို့ကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် လေ‌ကြောင်း...