ဒူးပလာယာခရိုင်အကျဉ်းထောင်မှ အကျဉ်းသား ၆ ဦး ထောင်ဖောက်ထွက်ပြေး

ဒူးပလာယာခရိုင်အကျဉ်းထောင်မှ အကျဉ်းသား ၆ ဦး ထောင်ဖောက်ထွက်ပြေး
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်၊ ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် အခမ်းအနား (Photo: KNU)
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်၊ ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် အခမ်းအနား (Photo: KNU)

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် (တပ်မဟာ ၆)၊  ဘုရားသုံးဆူဒေသရှိ ခရိုင်အကျဉ်းထောင်တွင် ဇူလိုင် ၁ ရက် နံနက်ပိုင်းက အကျဉ်းသား ၆ ဦး ထောင်စောင့်ရဲများထံမှ လက်နက်လုယူကာ ထောင်ဖောက်ထွက်ပြေးသွားကြောင်း ခရိုင်တာဝန်ရှိသူများက အတည်ပြုပြောသည်။

ထွက်ပြေးသွားသည့် အကျဉ်းသားများသည် ထောင်စောင့်ရဲများထံမှ သေနတ် (၂) လက်ကို ဦးစွာလုယူခဲ့ပြီးနောက် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးလမ်းမကြီးပေါ်သို့ ရောက်ရှိလာစဉ် DKBA အမှတ် (၂) စစ်ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးစောအေဝမ်း၏ တပ်ဖွဲ့ဝင်များစီးနင်းလာသည့်ကားကို ပစ်ခတ်တားဆီးခဲ့သည်။ ထိုသို့တားဆီးရာမှတစ်ဆင့် လက်နက် (၃) လက်နှင့် Vigo ကားတစ်စီးကို ထပ်မံလုယူကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးကြီးစောအေဝမ်းက “သူတို့ထွက်ပြေးလာတဲ့အချိန်မှာ ကျနော်တို့လူတွေနဲ့ တိုးမိကြတယ်။ ကားပေါ်မှာပါတဲ့ ကျနော်တို့လူတွေက KNU က တပ်ဖွဲ့ဝင်တွေလို့ ထင်ပြီး ကားရပ်ပေးလိုက်မိတာပါ။ အဲ့ဒီအချိန်မှာ သူတို့က သေနတ်နဲ့ ချိန်ရွယ်ပစ်ခတ်ပြီး ကျနော်တို့ဆီက လက်နက် ၃ လက်နဲ့ ကားကို လုယူသွားတာပါ” ဟု ကေအိုင်စီသို့ ပြောသည်။

ထွက်ပြေးသည့်လမ်းကြောင်းတစ်လျှောက်တွင်လည်း အဆိုပါအကျဉ်းသားများသည် လမ်း၌တွေ့ရှိသည့် အခြားကား (၃) စီးအား ပစ်ခတ်ခဲ့သည့်အပြင် ကေအဲန်ယူဂိတ်တစ်ခုကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်မှူးကြီးစောအေဝမ်းက ဆက်လက်ပြောဆိုသည်။

အကျဉ်းသားများအနေဖြင့် လက်နက်များ ကိုင်ဆောင်ထားသည့်အတွက် ဒေသအတွင်း လုံခြုံရေးအရ စိုးရိမ်စရာကောင်းသည့် အခြေအနေရှိနေကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောလစ္စတန်က ပြောသည်။

“လက်နက်တွေပါသွားတဲ့အတွက် အခြေအနေက စိုးရိမ်ရပါတယ်။ အခုအချိန်မှာတော့ အပူတပြင်း လိုက်လံရှာဖွေနေပါတယ်” ဟု ပဒိုစောစ္စတန်က ပြောသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားများထဲတွင် လူသတ်မှုဖြင့် အကျဉ်းကျနေသူများပါဝင်ပြီး အချို့မှာ သေနတ်ပစ်ခတ်မှု ကျွမ်းကျင်သူများဖြစ်သဖြင့် စစ်အုပ်စုတပ်ဖွဲ့ဝင်များ ပါဝင်နိုင်သည်ဟု သုံးသပ်မှုများရှိခဲ့သော်လည်း လက်ရှိရရှိထားသည့် စာရင်းအရ စစ်အုပ်စုတပ်ဖွဲ့ဝင်များ မပါဝင်ကြောင်း ပဒိုစောလစ္စတန်က ဖြည့်စွက်ပြောဆိုသည်။

ဒူးပလာယာခရိုင်အကျဉ်းထောင်တွင် ယခင်ကလည်း ၂၀၂၄ ခုနှစ်အတွင်း အကျဉ်းသား ၆ ဦး ထွက်ပြေးခဲ့သည့်ဖြစ်စဉ်ရှိခဲ့ပြီး ပြန်လည်ဖမ်းဆီးရမိသူများရှိသကဲ့သို့ လွတ်မြောက်သွားသူများလည်း ရှိခဲ့ကြောင်း သိရသည်။

Photo: CJ
July 1, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ရပ်ကွက်များအတွင်း ညဘက်တွင်...
June 30, 2026
ကရင်ပြည်နယ်အတွင်းရှိ မြဝတီ-ကော့ကရိတ်-ဖားအံ အာရှလမ်းမကြီးပေါ်တွင် စစ်အုပ်စုက ခရီးသွားလူငယ်များကို...
June 29, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဗျက္ခကျေးရွာအုပ်စု၊ နောင်မဘုံ(နွန့်ဝါ့ဘုံ)ကျေးရွာတွင်...
Photo: AFP
June 27, 2026
ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဖြစ်သည့် မြဝတီ-မဲဆောက်အမှတ်(၂)တံတား...