FPNCC ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်မည်မဟုတ်

FPNCC ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်မည်မဟုတ်

မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနှစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC က ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်တော့မည် မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။

သို့ဖြစ်ရာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများပါဝင်သည့် ၀ ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP၊ ကချင် လွတ်လပ်ရေး အဖွဲ့ KIO၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်တော် AA၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုင်းလား အဖွဲ့)၊ တို့မှာ ၂၁ ရာစု ပင်လုံ ညီလာခံ စတုတ္ထအစည်းအဝေးကို တက်ရောက်နိုင်တော့မည်မဟုတ်ပေ။

အစည်းအဝေး မတက်တော့မည့် အကြောင်းကို သြဂုတ်လ ၁၃ ရက်နေ့ ယနေ့တွင် “ဝ” ပြည်သွေးစည်း ညီညွှတ်ရေးပါတီ UWSP ၏ ဗဟိုဌာနချုပ် ပန်းဆန်း (ပန်ခမ်း) တွင် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ရေးနှင့် ပတ်သက်သည့် FPNCC ၏ အစည်းအဝေးမှ ဆုံး ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

အစည်းအဝေးအပြီး FPNCC ၏ ထုတ်ပြန်ချက်ထဲတွင် “ဤတစ်ကြိမ် ညီလာခံသည် COVID-19 ကပ်ရော ဂါ ပြန့်ပွားနေသည့် အချိန်ကာလတွင် ကျင်းပသည့်အတွက်ကြောင့် မိမိတို့ တောင်ပေါ်နယ်စပ်  ဒေသများ တွင် ဆေးကုသရေး ပညာအားနည်းခြင်း၊ ဆေးဝါးကုသမှု စက်ကိရိယာများ မပြည်စုံခြင်း  COVID- 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အသွား အလာ ခရီးစရိတ်များ စီစဉ်ရာတွင် အခက်အခဲများ ရင်ဆိုင်နေရခြင်းတို့ဟာ မိမိတို့ ၆ ဖွဲ့၏ ညီလာခံသို့ မတက်ရောက်နိုင်သည့် အဓိက အကြောင်းအရင်းဖြစ်ပါသည်။ ထို့ကြောင့် FPNCC အဖွဲ့ဝင် ၆ ဖွဲ့ အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထ အကြိမ် အစည်းအဝေးသို့ မတက်ရောက်နိုင်ပါ” ဟု ပါရှိသည်။

သို့ရာတွင် ၎င်းတို့ အဖွဲ့ဝင် အဖွဲ့အစည်း ၆ ဖွဲ့ကို အစိုးရမှ ဖိတ်ကြားသည့်အတွက် ကျေးဇူးတင်ကြောင်း ယခု ကျင်းပသည့် စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကိုလည်း ဂုဏ်ပြုသည်ဟု FPNCC ၏ ထုတ်ပြန်ချက် ထဲတွင် ထည့်သွင်းထားသည်။

ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံသည် တိုင်းရင်းသား ပဋိပက္ခများဖြေရှင်းရန် တိုက်ပွဲများ ရပ်တန့်ရန် နှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုကို ၎င်းတို့အနေဖြင့် အမြဲကြိုဆိုခဲ့ပါသည်ဟု FPNCC က ဆိုသည်။

၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေးသို့ ၎င်းတို့ အဖွဲ့ဝင် အဖွဲ့အစည်း ၆ ဖွဲ့ကိုသာ ဖိတ်ကြားပြီး ရက္ခိုင့် တပ်တော် ULA/AA ကို မဖိတ်သည့်အတွက် FPNCC အနေဖြင့် စိတ်မကောင်း ဖြစ်မိသည် ဟု ပြောသည်။

ထုတ်ပြန်ချက်ထဲတွင် “ထို့ကြောင့် ပဋိပက္ခဖြစ်ပွားသည့် အဖွဲ့အစည်း အားလုံး ညီလာခံသို့ တက်ရောက်နိုင်ပြီး မျက်နှာချင်းဆိုင် စုံလင်စွာ ဆွေးနွေးနိုင်မှသာလျှင် ယုံကြည်မှုများ မြှင့်တင်နိုင်ပြီး ငြိမ်းချမ်းရေး နှင့် အမျိုး သား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကိုဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဤ စတုတ္ထအကြိမ် ညီလာခံတွင် ပြည်ထောင်စု အစိုးရမှ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA အား ဖိတ်ကြား ခြင်း မရှိသည့်အတွက် မိမိတို့ အနေဖြင့် များစွာ စိတ်မကောင်းဖြစ်မိပါသည်” ဟု ရေးသားထားသည်။

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရတို့ ပြတ်တောက်နေသည့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို  ပြန် လည်စတင်နိုင်သည့် လမ်းစသည် ၂၁ ရာစုပင်လုံ ညီလာခံဖြစ်သည်ဟု လေ့လာသူအချို့နှင့် တိုင်းရင်းသား  ခေါင်းဆောင်အချို့က သုံးသပ်ပြောဆိုထားသည်။

FPNCC အနေဖြင့် ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်မှု မရှိသည့်အတွက် ရှေ့ဆက်တွေ့ဆုံဆွေးနွေးမှုကို ထိခိုက်နိုင်မည် မဟုတ်ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် PCG က ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“ဒါကလည်း အခုလောလောဆယ်တော့ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ AA ကို သူတို့ မဖိတ်တဲ့ အခါကျတော့ FPNCC အဖွဲ့ဝင်တွေ ဖြစ်တဲ့အတွက် သူတို့ မတက်ရောက်ဘူးဆိုတဲ့ သဘောဖြစ်လိမ့်မှာပါ။ နောက်ပြီး တွေ့ဆုံဆွေးနွေးမှုကလည်း အဲဒီမတက်ခြင်းအားဖြင့်လည်း ဒီအတိုင်းထားဖို့လည်း မရဘူးလေ။  တွေ့ဆုံ ဆွေးနွေးမှုက လုပ်ရမှာပဲလေ။ အခုလောလောဆယ်က COVID-19 ကိစ္စမို့လို့ တွေ့ဆုံဖို့ အတွက်က အဆင်မပြေသေးတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီ COVID-19 ငြိမ်ကျသွားရင်တော့ ပြန်လည် တွေ့ဆုံ နိုင်မယ်လို့ ကျနော်တို့ ဒီလိုပဲ မျှော်လင့်တယ်ဗျာ။”

FPNCC ၏ ထုတ်ပြန်ချက်ထဲတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ရန်နှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ရန်အတွက် FPNCC အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး မြင့်မြတ်သော စိတ်ထားများဖြင့် မတူညီသော အမြင်သဘောထားများကို ဖယ်ရှားပြီး အဖွဲ့အစည်း အသီးသီးတို့၏ နိုင်ငံရေး တောင်းဆိုချက်များကို သဘောထားကြီးကြီးဖြင့် နားဆင်ပေးပါရန်  မေတ္တာရပ်ခံအပ်ပါသည်ဟု ဆိုသည်။

ထို့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ တစ်ဆင့် အားလုံး၏ ဘုံသဘောတူညီချက်များကို ရရှိနိုင်မှသာလျှင် မိမိ တို့၏ ဘုံရည်မှန်းချက်များကို ဖော်ဆောင်သွားနိုင်မည်ဟု FPNCC က ပြောသည်။

တချိန်တည်းမှာပင် FPNCC မဟာမိတ်အဖွဲ့တွင် မပါဝင်သော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်မရေးထိုးရသေးသည့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ကလည်း ညီလာခံ အစည်းအဝေးကို တက်ရောက်နိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...