မကြာမီ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မွန်ပြည်နယ်တွင် နိုင်ငံရေးပါတီ ၁၃ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၃၀၃ ဦး အမည်စာရင်းတင်သွင်းထားကြောင်း မွန်ပြည်နယ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
အမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်း ၃၀၃ ဦးတွင် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း ၂၃ ဦးနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၈၀ ဦးတို့ဖြစ်ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းကို ဇူလိုင်လ ၂၀ ရက်မှ ဩဂုတ်လ ၇ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီး တင်သွင်းလွှာ စိစစ်ခြင်းလုပ်ငန်းကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဆောင်ရွက်မှာဖြစ်သည်ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှာ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ဆိုသည်။
“အမည်စာရင်း တင်သွင်းထားတဲ့ ပုဂ္ဂိုလ်များကိုတော့ ၁၁ ရက်ကစပြီး ၁၇ ရက်ထိ မွန်ပြည်နယ် ပြည်နယ် ရုံးမှာတော့ တိုင်းရင်းသား လူမျိုးတွေကို ၁၁ ရက်ကစပြီး အမည်စာရင်းတင်သွင်းလွှာများကို စိစစ်မယ် အလားတူ ခရိုင် ၂ ခုမှာလည်း ဩဂုတ် ၁၁ ရက်စပြီး အမည်စာရင်းတင်သွင်းလွှာများကို စိစစ်မယ် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
အင်အားကြီးပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDP)တို့ကမွန်ပြည်နယ်ရှိမဲဆန္ဒနယ်မြေအားလုံးဖြစ်သည့် ၄၅ နေရာတွင် ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ပြီး မွန်ညီညွတ်ရေးပါတီ (MUP) က သထုံနှင့်ဘီလင်းမြို့နယ်မှလွဲ၍ ၃၅ နေရာဝင်ရောက်ယှဉ်ပြိုင်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ မဲဆန္ဒနယ်မြေများတွင်ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ်ပါတီ (UNDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ( UDP) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ကရင်ပြည်သူ့ပါတီ (KPP)၊ ဗမာပြည်သူ့ပါတီ (BPP) ၊ ပြည်သူ့ပါတီ (PP) နှင့် ၈၈မျိုးဆက်ဒီမိုကရေစီပါတီတို့ကလည်းဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
သြဂုတ်လ ၇ ရက်နေ့အထိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၅ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၇၈ ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၃၇ ဦးတို့ အမည်စာရင်းတင်သွင်းထားပြီး ဖြစ်သည်။
ထို့အတူ ဗမာတိုင်းရင်းသားကိုယ်စားလှယ်လောင်း ခုနစ်ဦး၊ ကရင်တိုင်းရင်းသားကိုယ်စားလှယ်လောင်း ရှစ်ဦး နှင့် ပအိုဝ်းတိုင်းရင်းကိုယ်စားလှယ်လောင်း ရှစ်ဦးတို့ အမည်စာရင်းတင်သွင်းထားသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ တပ်မတော်သားအပါအဝင် ၁၇ သိန်းကျော်တွင် ပထမအကြိမ် မဲပေးခွင့်ရှိသူ နှစ်သိန်းခန့် နှင့် မသန်စွမ်းမဲပေးခွင့် ရှိသူ လေးသောင်းကျော် ပါဝင်နေပြီး တပ်မဲရုံ အပါအဝင် မဲရုံ ၉၅၈ ရုံ ဖွင့်လှစ်မည် ဖြစ်သည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ပါတီ ၁၈ ပါတီနှင့် တသီးပုဂ္ဂလ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၉ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒရှင် ၁၅ သိန်းကျော်အနက် ၅၁ ရာခိုင်းနှုန်းကျော်ခန့် ဆန္ဒမဲ လာရောက်ပေးခဲ့ကြောင်း သိရသည်။







