၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကို ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇ ဦး ရှိကြောင်း သိရသည်။
အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရခိုင်အမျိုးသားပါတီ (ANP) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး၊ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦး၊ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦး၊ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦး၊ ရခိုင့်ဦးဆောင်ပါတီ (AFP) မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး စုစုပေါင်း ၁၇ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနိုင်ငံရေးပါတီများ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယင်းအထဲတွင် ရခိုင်အမျိုးသားပါတီမှ အမျိုးသမီး ကိုယ်စားလှယ်လောင်းပါဝင်မှုမှာ ခြောက်ဦးအထိ ရှိနေသော်လည်း နိုင်ငံရေးတွင် အမျိုးသမီးပါဝင်မှု အားနည်းနေကြောင်း ANP ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကသုံးသပ်ပြောကြားခဲ့သည်။
“ကျမတို့ရဲ့ ရခိုင်ပြည်နယ် အခြေအနေကို လေ့လာကြည့်လိုက်တော့ အမျိုးသမီးတွေက နိုင်ငံရေးကို စိတ်ဝင်စားမှုနည်းနည်းအားနည်းတယ်။ အခုဆိုရင် ကိုယ်စားလှယ်လောင်း ခြောက်ဦးလောက်ပါဝင်လာ တယ်ဆိုပေမယ့် ပြိုင်တဲ့အခါ အနိုင်ရရှိဖို့လည်း လိုသေးတယ်။ လွှတ်တော်မှာ ကိုယ်စားပြုဖို့ အမျိုးသမီးတွေ အများကြီး ပါဝင်လာလေ ကျမတို့က ပိုပြီးအားရှိလေဖြစ်တယ်။ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်လာဖို့ အများကြီးတွဲခေါ်ရအုန်း မယ်။ ဒီခြောက်ယောက်နဲ့တော့ မပြည်စုံသေးဘူး၊ တော်တော်အားနည်းတယ်လို့ မြင်တယ်” ဟု ၎င်းကပြောသည်။
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေသည် ယခင်၂၀၁၀၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများထက် ပိုမိုများပြားလာသော်လည်း အမျိုးသမီးများ ယခုထက် ပိုမိုပါဝင်လာစေရန် နိုင်ငံရေးပါတီများက ထည့်သွင်းစဉ်းစား ထားရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးခိုင်ကောင်းစံက ပြောသည်။
“အမျိုးသမီးပါဝင်မှုကတော့ အရင်ထက် နည်းနည်းများလာတယ်။ တစ်ဖက်မှာလည်း အမျိုးသမီးတွေ နိုင်ငံရေးပါတီထဲမှာ ပါဝင်လာအောင် ပါတီတွေကိုယ်တိုင်ကလည်း ထည့်သွင်းစဉ်းစားထားဖို့လိုပါတယ်။အဲဒီလိုပဲ အမျိုးသမီးအဖွဲ့တွေမှာ ဦးဆောင်ပြီးလုပ်နေတဲ့ အမျိုးသမီးတွေကလည်း နိုင်ငံရေးမှာ ထဲထဲဝင်ဝင်လုပ်ပြီးတော့ လွှတ်တော်ထဲမှာ အမျိုးသမီးပါဝင်လာအောင် ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့ မြင်တယ်” ၄င်းက ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များမှာ အမျိုးသားလွှတ်တော်တွင် နှစ်ဦးနှင့် ပြည်သူ့လွှတ်တော်တွင် တစ်ဦးရှိနေပြီး ပြည်နယ်လွှတ်တော်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် မရှိပေ။
လာမည့် ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာထားသည်။







