၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲအလွန် ဒေသဖွံ့ဖြိုးရေးပိုမို လုပ်ဆောင်နိုင်မည့် အစိုးရသစ်တစ်ရပ်ကို မျှော်လင့်လျက်ရှိကြောင်း တီးတိန်ဒေသခံများက ပြောသည်။
“အဓိကကတော့ တီးတိန်မြို့အတွက် ဒေသဖွံ့ဖြိုးရေးပဲဖြစ်ဖြစ်၊ လိုအပ်ချက်တွေ ကိုတကယ်ဦးစားပေး တဲ့ ကိုယ်စာလှယ်တွေကိုရွေးချင်တယ်၊ ဘာဖြစ်လို့လဲဆိုတော ကျွန်တော်တို့ ပြီးခဲ့တဲ့ကိုယ်စာလှယ်တွေဆိုရင် များသောအားဖြင့် သူတို့ရဲ့မြို့၊ သူတို့ရဲ့ရွာ လောက်ပဲဦးစားပေးပြီးတော့ အလုပ်လုပ်ကြတယ် ၊ကျွန်တော်တို့ တီးတိန်မြို့ကို ထားခဲ့ကြတယ်၊ ပစ်ထားကြတယ်၊ ဦးစားမပေးဘူး၊ ဒါကြောင့် လာမယ့်ရွေးကောက်ပွဲမှာတော့ အဲဒါကို ကတိပေးနိုင်မယ့်လူ တီးတိန်းမြို့အတွက်ဘာတွေ လုပ်ပေးနိုင်မလဲ ၊တကယ်လည်း ဖြစ်နိုင်ချေရှိနိုင်မဲ့ လူပုဂ္ဂိုလ်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ထားပါတယ်”ဟု Tedim Youth Fellowshipမှ ဥက္ကဌ ဦးထောင်းရှန်းတုန်းက ပြောသည်။
တီးတိန်မြို့သည် ချင်းပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ဒုတိယအများဆုံးရှိသည့် မြို့နယ်ဖြစ်ပြီး လျှပ်စစ်မီးလိုအပ်ချက်နှင့် သောက်သုံးရေလိုအပ်ချက်များ မြင့်မားသည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။
“ခုတက်လာမဲ့အစိုးရသစ်တီးတိန်မြို့ အတွက်ဆိုရင်တော့ လျှပ်စစ်မီး ပေါ့ ၊ ဒီ လျှပ်စစ်မီးကလည်း ကြံခိုင်ရေးပါတီ တက်လာတုန်းကလည်းရမယ်ရမယ်နဲ့ ၊ခု NLDတက်လာတော့လည်းရမယ်ရမယ်နဲ့ ဒီတိုင်းပဲ အချိန်ကုန်တယ်။ အဓိက လျှပ်စစ်မီးကအတော်လေးလိုတယ် လျှပ်စစ်မီးရှိမှ သာလျှင် စီးပွားရေးမှာဖြစ်ဖြစ် ၊ ပညာရေးမှာဖြစ်ဖြစ် နည်းပညာပိုင်းကပိုကောင်းလာမှာ လျှပ်စစ်မီးမရသေးသရွေ့ ဒီတိုင်းပဲဖြစ်မယ်။ နောက်တစ်ခုက သောက်သုံးရေပေါ့ ။တီးတိန်ကလည်း အိမ်ခြေတိုးတက်လာတယ် လူဦးရေလည်းတိုးတက်လာတော့သောက်သုံးရေကလည်းမလောက်တော့ဘူး။သောက် သုံးရေရရှိဖို့လုပ်ပေးစေချင်တယ်”ဟု Tedim Youth Fellowshipမှ အထွေထွေအတွင်းရေးမှူး ဦးမုန်နိုးက ပြောသည်။
တီးတိန်မြို့သည် ခန့်မှန်းခြေ လူဦးရေ ၉၆၀၀၀ကျော် ရှိပြီး ရပ်ကွက်လေးခု၊ ကျေးရွာအုပ်စု ၅၅အုပ်စုနှင့် ကျေးရွာပေါင်း ၁၃၀ရှိသည့် မြို့တစ်မြို့ဖြစ်ကာ ချင်းပြည်နယ်တွင် ဟားခါးမြို့ပြီးလျှင် ဒုတိယအကြီးဆုံးမြို့ ဖြစ်သော်လည်း ကောလိပ်ကျောင်းမရှိသည့်အတွက် ၂၀၂၀ရွေးကောက်ပွဲအလွန်တွင် ကော်လိပ်ကျောင်းဖွင့်လှစ်ပေးနိုင်မည့် အစိုးရတစ်ရပ်ကို ဒေသခံလူငယ်များက လိုလားလျက်ရှိကြောင်း သိရသည်။
“ခု၂၀၂၀ ရွေးကောက်ပွဲအလွန်မှာကျွန်တော်တို့မျှော်လင့်တာ ချင်းပြည်နယ်အတိုင်းအတာနဲ့ဆိုရင် တီးတိန်မြို့ဟာ အဓိကခရိုင်လည်းမရသေးဘူး၊ ။ကော်လိပ်တို့ လည်းရတာမရှိသေးဘူး ကျွန်တော်က ဒီဒေသခံတယောက်ဆိုတော့ ဒီလိုမျိုး ခရိုင်ဖြစ်ဖြစ် ၊ ကော်လိပ်ဖြစ်ဖြစ်ရ စေချင်ပါတယ်”ဟု COVID-19 Emergency Committeeတွင် Tedim CSOs Volunteerလုပ်ဆောင်နေသည့် လူငယ်တစ်ဦးဖြစ်သူ တာန်လန့်ဇခွါလ်က ပြောသည်။
ယခုအခါ တီးတိန်မြို့တွင် မဟာဓါတ်အားလိုင်း မရှိသည့်အတွက် လျှပ်စစ်မီးအား အလှည့်ကျစနစ်ဖြင့် ပေးဝေနေပြီး နှစ်ရက်တစ်ခါမှသာ မီးရရှိကြောင်းနှင့် ဒေသခံများအနေဖြင့် လျှပ်စစ်မီးအပြည့်အဝရရှိရန် မျော်လင့်လျက်ရှိကြောင်း သိရသည်။







