ပြည်သူ့နီတိ စာအုပ်ထုတ်ဝေသည့် CDNH ရခိုင်ပြည်နယ်တွင် သင်တန်းအများအပြားပေးနေ

ပြည်သူ့နီတိ စာအုပ်ထုတ်ဝေသည့် CDNH ရခိုင်ပြည်နယ်တွင် သင်တန်းအများအပြားပေးနေ
by -
နိရဥ္စရာ
ပြည်သူ့နီတိ စာအုပ်ထုတ်ဝေသဖြင့် လူမှုရေးစာမျက်နှာများတွင် ဝေဖန်မှုအများအပြားကို ခံနေရသည့် အမျိုးသားရေး သဟဇာတ ဖြစ်မှုဆိုင်ရာ လေ့ လာရေးအဖွဲ့ CDNH သည် ရခိုင်ပြည်နယ်တွင် ရခိုင်လူငယ်များ တိုးတက်ရေးကို ရည်ရွယ်၍ သင်တန်းများ ပေးနေသည်ဟု CDNH မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

CDNH မှ Senior Program Officer ဦးဇင်မောင်လင်းက “အဓိက ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ ရခိုင် ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက်ကို လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ် ရှိပါတယ်။ ဒီအတွက်ကြောင့်မို့လို့ လူငယ်တွေဟာ သူတို့ရဲ့ ပင်ကိုယ် အရည်အသွေးတွေ ဖွံ့ဖြိုးတိုးတက်လာပြီးတော့ ဒီမိမိဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေး တို့ကို လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ စနစ်တကျနဲ့ တွေးခေါ်ပြီးတော့ လမ်းကြောင်းအမှန်နဲ့ လုပ်နိုင်ဖို့အတွက်ကို ကျွန်တော်တို့က စွမ်းရည်မြှင့်တဲ့ သင်တန်းတွေ ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ လုပ်ကိုင် ဆောင်ရွက် နေရခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

CDNH အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင်ရှိသည့် လူငယ်များ၏ အရည်အသွေးတိုးတက်ရန် ဦးစားပေး လုပ်ဆောင် နေပြီး၊ အခြားပြည်နယ်နှင့် တိုင်းများမှ လူငယ်များကိုမူ ရန်ကုန်နှင့် မန္တလေးတွင် ခေါ်ယူ သင်တန်းပေးမှုများကိုလည်း ပြုလုပ်ပေးနေသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဦးစားပေးလုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍ ဦးဇင်မောင်လင်းက “ရခိုင်ပြည်နယ်မှာ ဦးစားပေး လုပ်ရတယ်ဆိုတာက ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးမှု နောက်အကျဆုံး ပြည်နယ်ထဲက တစ်ခုဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်မှာရှိတဲ့ လူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီပဋိပက္ခတွေကို ကြိုတင်ကာကွယ်တဲ့အခါမှာ စွမ်းဆောင်နိုင်တဲ့ အရည်အသွေးတွေ မြင့်မားလာဖို့အတွက်ကို ရည်ရွယ်ပြီးတော့ ကျွန်တော်တို့ ပို့ချတာပါ”ဟု ပြောသည်။

အဆိုပါ သင်တန်းများကို ပို့ချပေးရန်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဖိတ်ခေါ်၍လည်း လူငယ်များကို ငြိမ်းချမ်းရေးဆိုင်ရာ သင်တန်းများကို ပို့ချပေးနေမှု များနေရခြင်းဖြစ်သည်ဟု ဆိုသည်။

CDNH အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် လူငယ်ဖိုရမ်များကို ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်၊ အမ်းနှင့် မြောက်ဦးမြို့များတွင် ပြုလုပ်ပေးသွားပြီဖြစ်ပြီး အခြားမြို့များတွင်လည်း လူငယ်များကို ငြိမ်းရေးဆိုင်ရာ သင်တန်းများကို ပေးခဲ့ပြီဟု သိရသည်။

CDNH အဖွဲ့က ထုတ်ပြန်ဝေထားသည့် ပြည်သူ့နီတိစာအုပ်မှာ ကမ္ဘာပေါ်ရှိ လူအများစု ကိုးကွယ်လျက် ရှိသော ဘာသာကြီး ၄ ဘာသာဖြစ်သည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာများ ရဲ့ အခြေခံအကြောင်းအရာများကို တတိယတန်းနှင့် စတုတ္ထတန်းစာအုပ် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

၎င်းနောက်ပိုင်းတွင် CDNH မှ ထုတ်ဝေသော ပြည်သူ့နီတ စာအုပ်နှင့် ပတ်သက်ပြီး ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

CDNH အဖွဲ့ကို ဦးဆောင်နေသည့် ဒေါက်တာကျော်ရင်လှိုင်သည် ၂၀၁၂ ခု ရခိုင်-ဘင်္ဂါလီ ပဋိပက္ခအပြီးတွင် ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်ထဲတွင် အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ကော်မရှင်၏ အစီရင်ခံစာကို ရေးသားရာတွင်လည်း ဦးဆောင်ပါ၀င်သူတစ်ဦးဖြစ်သည်ဟု လေ့လာသိရှိရသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...