သက်ပိုင် — ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကြံချိုင်ကျေးရွာမှ ဒေသခံနှစ်ဦးကို အေအေနှင့်ဆက်နွယ်မှုဖြင့် ဖမ်းဆီးထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၆ နာရီခန့်က ပေါင်နက်ကြီးကျွန်းသို့ လှေနှစ်စီးဖြင့်လာရောက်သည့် လူခြောက်ဦးကို မသင်္ကာ၍စစ်ဆေးရန်ခေါ်ယူစဉ် သုံးဦးမှာ ခုန်ချထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ထွက်ပြေးသူများထဲမှ တစ်ဦးကိုဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်ကဆိုသည်။
ထိုသို့ဖမ်းဆီးရမိသူ လေးဦးထဲမှ ကိုအောင်တင်ဝေနှင့် မြင့်မြတ်ထွန်းတို့မှာ အေအေကို ရိက္ခာနှင့် ဆက်ကြေး ကောက်ခံပေးနေသူများဖြစ်ကြောင်း၊ ဇွန်လ ၃ ရက်နေ့က သိုင်းချောင်းလမ်းဆုံ မိုင်းထောင်ဖောက်ခွဲမှုဖြစ်စဉ်၌ ပါဝင်ဆောင်ရွက်ခဲ့သူများဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့အပြင် ၎င်းတို့နှစ်ဦးသည် ပေါင်နက်ကြီးကျွန်းသို့လာရောက်ကာ တပ်မတော်စစ်ကြောင်းများ ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှုများကို လာရောက်စုံစမ်းခြင်းဖြစ်ကြောင်းလည်း ၎င်းထုတ်ပြန်ချက်က ဆိုသည်။
ယင်းသို့ ဖမ်းဆီးထားသူနှစ်ဦးကို သက်ဆိုင်ရာသို့လွှဲပြောင်းကာ အကြမ်းဖက်နှိမ်နင်းမှုတိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထွက်ပြေးလွတ်မြောက်သွားသူနှစ်ဦးအား ဖမ်းဆီးရမိရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကထုတ်ပြန်ထားသည်။
ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ၎င်းတို့ခြောက်ဦးမှာ ကျောက်ဖြူ မြို့နယ် ကြံချိုင်ကျေးရွာမှ ပေါင်နက်ကြီးကျွန်းဘက်သို့ ပိုက်ချသွားခြင်းဖြစ်သည်ဟုသိရကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ကိုးကားပြီးပြောသည်။
“သူတို့ခြောက်ယောက်က ပေါင်နက်ကြီးကျွန်းဘက်ကို ပိုက်သွားချကြတာလို့ သိရပါတယ်။ အဲဒီလို အဖမ်းခံရတဲ့ နေ့ကလည်း တပ်က ရွာကိုဝင်စစ်တာကြောင့် ရွာသားတွေ ထိတ်လန့်နေကြတယ်လို့ ကျွန်တော့်ဆီကို ဖုန်းဆက် လာပါတယ်။ အခုဆို ရွာမှာလူတောင်မရှိကြတော့ဘူးကြားတယ်” ဟု ဦးကျော်လွင်က ဆိုသည်။
လက်ရှိတွင် တပ်မတော်က ဖမ်းဆီခဲ့သူလေးဦးမှာ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးကြောင်းနှင့် ထွက်ပြေးလွတ်မြောက်သွားသည်ဆိုသူ နှစ်ဦးမှာလည်း ပျောက်ဆုံးလျက်ရှိကြောင်း ဦးကျော်လွင်က ပြောသည်။
ကျောက်ဖြူမြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမှုများမရှိသော်လည်း အေအေနှင့်ဆက်နွယ်သည်ဆိုသည့် သံသယဖြင့် တပ်မတော်ကဖမ်းဆီးမှုများ တစ်ဖြည်းဖြည်းများလာနေသည်။







