သတင်းမီဒီယာဝက်ဘ်ဆိုဒ်များ အပိတ်ခံရခြင်းအပါအဝင် သတင်းမီဒီယာအခန်းကဏ္ဍများနှင့်ပတ်သက်ပြီး မီဒီယာကောင်စီနှင့် ပြန်ကြားရေးဝန်ကြီးတို့ တွေ့ဆုံ

သတင်းမီဒီယာဝက်ဘ်ဆိုဒ်များ အပိတ်ခံရခြင်းအပါအဝင် သတင်းမီဒီယာအခန်းကဏ္ဍများနှင့်ပတ်သက်ပြီး မီဒီယာကောင်စီနှင့် ပြန်ကြားရေးဝန်ကြီးတို့ တွေ့ဆုံ

ခင်သရဖီဦး — သတင်းမီဒီယာဝက်ဘ်ဆိုက်များ အပိတ်ခံထားရခြင်းအပါအဝင် သတင်းမီဒီယာအခန်းကဏ္ဍနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကောင်စီ တာဝန်ရှိသူများထံမှ သိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးရာတွင် သတင်းမီဒီယာများ၏ ဝက်ဆိုက်များ အပိတ်ခံရခြင်းနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါကိစ္စကို လုပ်ဆောင်နေသည်ဟု ပြောဆိုကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ အတွင်းရေးမှူး ဦးမြင့်ကျော်က DMG သို့ ပြောသည်။

“သတင်းတု၊ သတင်းမှား တင်တာမဟုတ်ဘဲ တကယ့်သတင်းဌာန၊ တရားဝင်သတင်းဌာနလည်းဖြစ်တယ်။ Register လည်းတင်ထားတယ်။ တာဝန်ခံမှုလည်းရှိတဲ့ သတင်းဌာနတွေရဲ့ ဝက်ဆိုက်အပိတ်ခံရတာ မဖြစ်သင့်ဘူးလို့ ပြောထားတယ်” ဟု ဦးမြင့်ကျော်ကဆိုသည်။

ထိုသို့ ဝန်ကြီးဌာနမှလုပ်ဆောင်နေသည်ဆိုသော်လည်း အပိတ်ခံထားရသည့် သတင်းမီဒီယာဝက်ဆိုက်များ မည်သည့်အချိန်တွင်ဖွင့်မည်ကို မပြောနိုင်သေးကြောင်း ဦးမြင့်ကျော်က ဆက်လက်ပြောသည်။

“ဝန်ကြီးဌာနကလည်း ကောင်စီက ပြီးခဲ့တဲ့မေလက စာပို့ကတည်းက ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ပြောတယ်။ ဒါပေမယ့် ဝန်ကြီးဌာနက ဆက်သွယ်ဆောင်ရွက်နေတာကိုတော့ ကျွန်တော်တို့လည်းမသိဘူး။ ဝန်ကြီးဌာနနဲ့ တွေ့ပြီးဆွေးနွေးတဲ့အခါကျမှ သူတို့ဖက်မှ အဲဒီလိုဆောင်ရွက်နေတဲ့အကြောင်း ပြောတာပေါ့။ ဘယ်တော့ ဖွင့်မယ်တော့ ချက်ချင်းမပြောနိုင်သေးဘူးပေါ့” ဟု ၎င်းကဆိုသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် သတင်းတု၊ သတင်းမှားများဖြန့်ဝေသည်ဟုဆိုကာ ဝက်ဘ်ဆိုဒ်များနှင့် သတင်းတု page များကိုပိတ်ခဲ့ရာတွင် ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများဖြစ်သည့် Narinjara ၊ Development Media Group ဝက်ဘ်ဆိုဒ်များနှင့် မန္တလေးအခြေစိုက် Voice Of Myanmar နှင့် ရန်ကုန်အခြေစိုက် Khit Thit Media စသည့် သတင်းဌာနဝက်ဘ်ဆိုဒ်များလည်း ပါဝင်ခဲ့သည်။

ယင်းသို့ အွန်လိုင်းမီဒီယာသတင်းဝက်ဘ်ဆိုဒ်များကို အစိုးရမှပိတ်လိုက်သဖြင့် သတင်းဖတ်သူတို့အတွက် အခက် အခဲများရှိကြောင်း Narinjara သတင်းဌာနမှ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကပြောသည်။

“သတင်းဖတ်တဲ့သူတွေက သတင်းကို ဝက်ဆိုက်ကပဲဖတ်ကြတာ။ အခုက ပိတ်ထားတော့ facebook ကိုပဲ အားကိုးနေရတာပေါ့။ ဝက်ဆိုက်ကမဖွင့်ပေးတော့ နေရာတိုင်းကကြည့်မရတဲ့ အနေအထားဖြစ်နေတယ်။ ပိတ်မယ်ဆိုရင်လည်း ပြန်ကြားရေး၊ ဆက်သွယ်ရေးဝန်ကြီးဌာနတွေအနေနဲ့ ဘယ်လိုသတင်းတွေ ရေးလဲ ဆိုတာကို ဝက်ဆိုက်တွေကိုသေချာလေ့လာဖို့လိုတယ်။ တကယ်တမ်း သတင်းအမှား၊ အတုတွေ ရေးတယ် ဆိုရင်လည်း သတင်းဌာနတွေကိုခေါ်ပြီးတော သေချာဆွေးနွေးရမယ်ပေါ့။ အခု တစ်ခုမှသတိပေးတာမရှိဘဲနဲ့ ပိတ်လိုက်တာက လုံးဝတစ်ဖက်သတ် လုပ်တယ်လို့ခံစားရတယ်” ဟု ဦးခိုင်မြတ်ကျော်က ဆိုသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့တွေ့ဆုံရာတွင် ကိုဗစ်ကာလအတွင်း ထိခိုက်နစ်နာခဲ့ရသော သတင်းမီဒီယာများ၊ သတင်းသမားများ၊ စာရင်းပြုစုထားမှုနှင့် နိုင်ငံတော်အကြီးအကဲထံ တင်ပြမည့် သတင်းမီဒီယာလုပ်ငန်းပြန်လည်ရှင်သန်ရပ်တည်နိုင်ရေး လုပ်ငန်းစီမံချက်များ၊ ဆိုရှယ်မီဒီယာကိစ္စ အတွက်ဝန်ကြီးဌာန၊ Facebook team နှင့် ကောင်စီတို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးနိုင်ရေး၊ ကောင်စီ၏ ထုတ်ပြန်ကြေညာချက်များအား နိုင်ငံပိုင်သတင်းမီဒီယာများကဖော်ပြပေးရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့ပြင် သတင်းမီဒီယာစာရင်းနှင့် သတင်းသမားများစာရင်းများပြုစုရာတွင် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်ပါအတိုင်း သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်သူများစာရင်းနှင့် မှတ်ပုံတင်စာရင်းများကို ဝန်ကြီးဌာန အနေဖြင့် ကောင်စီထံသို့ ပေးပို့ရေး၊ ကျင့်ဝတ်နှင့်မညီသည့် မီဒီယာများအား ထိထိရောက်ရောက် အရေးယူနိုင်ရန် ကိစ္စရပ်များလည်း ပါဝင်သည်။

ကျင့်ဝတ်ဖောက်ဖျက်မှုရှိသည့် သတင်းဂျာနယ်များအား မှတ်ပုံတင်ချထားပေးမှုကို ပြန်လည်စိစစ်မှုအခြေအနေ၊ မှုခင်းသတင်းထောက်အမည်ခံကာ ခြိမ်းခြောက်ငွေညှစ် လိမ်လည်နေသူများနှင့် ကျင့်ဝတ်နှင့်မညီသည့် မီဒီယာများအား ထိထိရောက်ရောက်အရေးယူနိုင်ရန် ကိစ္စများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...