အစိုးရ အသိအမှတ်မပြုသည့် စစ်ဘေးရှောင်စခန်းမှ မဲပေးပိုင်ခွင့်ရှိသူ စာရင်းများကို မြို့နယ်ရွေး/ကော်ရုံးတွင်သာ ကပ်ပေးမည်

အစိုးရ အသိအမှတ်မပြုသည့် စစ်ဘေးရှောင်စခန်းမှ မဲပေးပိုင်ခွင့်ရှိသူ စာရင်းများကို မြို့နယ်ရွေး/ကော်ရုံးတွင်သာ ကပ်ပေးမည်

ခင်သရဖီဦး - ရခိုင်ပြည်နယ်အတွင်း အစိုးရအသိမှတ်ပြုမထားသည့် စစ်ဘေးရှောင်စခန်းများမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)များတွင်သာ ကပ်ပေးမည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

စစ်ဘေးရှောင်စခန်းများမှာ မြို့နယ်တိုင်းရွာတိုင်းတွင် ရှိနေခြင်းကြောင့် မဲစာရင်းကောက်ယူရာတွင် အဆင်မပြေ မှုများရှိနေသည့်အတွက် မြို့နယ်ကော်မရှင် ရုံးခွဲမှာသာကပ်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က DMG သို့ ပြောသည်။

“လူတွေ စုရင်းစုရင်းနေတိုင်း ကျွန်တော်တို့က မဲစာရင်းကပ်လို့မရဘူး။ ဘယ်စခန်းမှာ ဘယ်ရွာက၊ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ မသိတာကြောင့်ပေါ့။ ဒါကြောင့် ပြန့်ကျဲသွားတဲ့ရွာက လူတွေအတွက် မြို့နယ် ကော်မရှင်အဖွဲ့ရုံးမှာ သီးသန့်စာတစ်စောင် ကပ်ပေးထားမယ် ”ဟု ဦးသူရိန်ထွဋ်က ပြောသည်။

သို့သော်လည်း အစိုးရမှ တရားဝင်အသိအမှတ်ပြုထားသည့် စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင်များ၏ လူဦးရေစာရင်း အချက်အလက်များကို အစိုးရထံမှ အတိအကျရရှိသည့်အတွက် ၎င်းစခန်းများတွင် ကပ်ပေးသွားမည်ဖြစ်ကြောင်း ဦးသူရိန်ထွဋ်က ဆက်လက်ပြောကြားသည်။

နိုဝင်ဘာလတွင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ပထမအကြိမ်အဖြစ် ထုတ်ပြန်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

ရခိုင်တွင် မဲရုံပေါင်း (၂၆၀၀)ခန့် လျာထားရှိပြီး မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ(၁၆)သိန်းကျော်ရှိကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

လက်ရှိတွင် တပ်မတော်နှင့် AA တို့၏ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်စခန်းများ၊ ဘုန်တော်ကြီး ကျောင်းများတွင်ခိုလှုံနေရသည့် စစ်ဘေးရှောင်နှစ်သိန်းခန့်ရှိနေကြောင်း ရခိုင်တိုင်းရင်းမျိုးနွယ်များအစည်းအရုံး (REC) က ထုတ်ပြန်ထားသည်။

ယင်းအထဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တရားဝင်အသိမှတ်ပြုထားသည့် စစ်ဘေးရှောင်စခန်း စုစုပေါင်း ၁၄၀ ခန့်တွင် လူဦးရေ ၇၀၀၀၀ ခန့်အထိရှိနေကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ခန့်မှန်းပြောဆိုသည်။

“စာရင်းဇယား အတိကျကိုတော့ ကြည့်ပြီးမှပြောလို့ရမယ်။ ခန့်မှန်းခြေကတော့ စခန်း ၁၄၀ ကျော်လောက်ရှိမယ်။ လူဦးရေ ခုနှစ်သောင်းလောက်ရှိမယ်” ဟု ဦးဝင်းမြင့်ကပြောသည်။

မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းမှာ အစိုးရမှ တရားဝင်အသိအမှတ်ပြုထားခြင်းမရှိသည့်အတွက် မဲစာရင်းကပ်ရာတွင် မြို့ပေါ်သို့သွားကြည့်ရန် အခက်အခဲများရှိနေကြသည်။

စညှင်းစစ်ဘေးရှောင်စခန်းမှ ကိုသူရမိုးက “ကျွန်တော်တို့ စညှင်းကျေးရွာဆိုရင် မြေပုံမြို့နယ်အဆုံး၊ အမ်းမြို့နယ် အစမှာပဲရှိပါတယ်။ တကယ်လို့ ရေကြောင်းဆိုရင်လည်း တစ်ရက်လောက်သွားရမယ်ဆိုတော့ အဆင်မပြေဘူး။ ကုန်လမ်းကသွားရင်လည်း လမ်းမှာ စစ်ဆေးတာတွေရှိတော့ အဆင်မပြေဘူး ” ဟု ၎င်းကပြောသည်။

စစ်မှန်သည့် အစိုးရတစ်ရပ်အနေဖြင့် ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံသားအခွင့်အရေးတစ်ခုဖြစ်သည့် မဲပေးပိုင်ခွင့်ကို မဆုံးရှုံးရအောင်လုပ်ပေးသင့်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက အကြံပေးသည်။

“IDP စခန်းတွေကို ရောက်လာကြတဲ့ စစ်ဘေးရှောင်တွေကို တရားဝင်၊ မဝင်ဆိုတာ ဘယ်လိုစံနှုန်းနဲ့ တိုင်းတာလဲ။ ဘာပဲဖြစ်ဖြစ် အဲဒီလူတွေအတွက် မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသား အခွင့်အရေးတစ်ခုကိုတော့ အမှန်တကယ် စစ်မှန်တဲ့ ပြည်သူ့အစိုးရ တစ်ရပ်အနေနဲ့ အလေးနက်ထားသင့်တယ် ”ဟု ဦးဦးထွန်းဝင်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့်မြို့နယ်များတွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများလည်းရှိနေကြသည်။

Most read this week

ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...