တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀ ကျော်မှာ ဆန်ရိက္ခာ ပြတ်လပ်မှုကြောင့် အငတ်ဘေးဆိုက်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဇင်ချောင်း လူငယ် ပရဟိတအသင်းထံမှ သိရသည်။
ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၈ ခုမှ လူဦးရေ ၃ သောင်းဝန်းကျင်နှင့် ရမ်းဗြဲမြို့နယ်မှ စစ်ဘေးရှောင် ၁ သောင်းနီးပါးမှာ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေခြင်းဖြစ်သည်။
ယင်းတို့အနက် မြို့နယ် ၂ ခုပေါင်းမှ စစ်ဘေးရှောင် ၅,၁၀၀ မှာ အရေးပေါ် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေ သဖြင့် တတ်နိုင်သမျှ ကူညီပေးကြပါရန် ဇင်ချောင်း လူငယ်ပရဟိတအသင်းက မေတ္တာရပ်ခံ တောင်းဆိုထား သည်။
ဇင်ချောင်း လူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ ကိုနိုင်လင်းထွန်းက “၈ လပိုင်းလောက်အတွက်ပဲ ဆန်ရှိတာ။ အခုက ဆန်ဝယ်ဖို့အတွက် လုံးဝရှာမရဘူး။ ဆန်အိတ် ၁၀၀၊ ဆန်အိတ် ၅၀ ဆိုလုံးဝ ဝယ်ယူလို့မရတဲ့ အခြေအနေ ဖြစ် နေတာ။ စစ်ရှောင်တွေက အများကြီးဆိုတော့ ဆန်က အများကြီး လိုအပ်တယ်။ ပိုက်ဆံရှိပေမယ့် ဆန်မရှိလို့ ဝယ်လို့ မရဘူး။ အခြေခံစားသောက်ရေးအတွက် အခက်အခဲဖြစ်နေပြီ” ဟု ပြောသည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ်ရှိ အမှတ် (၄) နှင့် အမှတ် (၅) တိုက်နယ်များ၌ ဆန်စပါး ပြတ်လပ်မှုများ ဖြစ်ပေါ် နေသဖြင့် ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ်တို့မှ ဆန် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။
စစ်ရေးအခြေအနေကြောင့် ကျောက်ဖြူ၊ တောင်ကုတ်နှင့် ရမ်းဗြဲမြို့နယ်တို့တွင် လယ်ယာ စိုက်ပျိုးမှု သိသိ သာသာ လျော့နည်းသွားပြီး ထွက်ရှိသည့် ဆန်စပါးမှာလည်း ဒေသတွင်း စားသုံးရန်အတွက်ပင် မလုံလောက်ပေ။
ကျောက်ဖြူ ဒေသခံ အမျိုးသားတစ်ဦးက “ဒီဘက်မှာက အရင်ကတည်းက လယ်ယာကို တနိုင်တပိုင်ပဲ လုပ်ကိုင် ကြတာများတယ်။ အခုက တိုက်ပွဲဖြစ်တော့ ရမ်းဗြဲကျွန်းဘက်က ဆန်ထွက်တဲ့ဒေသတွေက လူတွေလည်း စစ်ဘေးတိမ်းရှောင် သွားကြပြီ။ လက်ကျန်ဆန်နဲ့ စားသုံးသူနဲ့မမျှတော့ဘူး။ ပြီးတော့ အခုစိုက်ပျိုးထားတဲ့ သီးနှံတွေကလည်း မမှည့်သေးဘူး” ဟု ပြောသည်။
လက်ရှိ ရခိုင်ပြည်အတွင်း ဆန်စပါး ရှားပါးပြီး ဈေးနှုန်းမှာလည်း အမြင့်ဆုံးသို့ ရောက်ရှိနေသဖြင့် ဒေသခံများ အခက်အခဲ ရင်ဆိုင်နေရပြီး ယင်းသက်ရောက်မှုဒဏ်ကို စစ်ဘေးရှောင်များမှာ ပိုမို ခံစားနေကြရသည်။







