ပလက်ဝအထက်ပိုင်း ရွာပေါင်း ၆၀ ကျော်မှ ဒေသခံများ ကျန်းမာရေးအတွက် ဆေးဝါးများလိုအပ်နေ

ပလက်ဝအထက်ပိုင်း ရွာပေါင်း ၆၀ ကျော်မှ ဒေသခံများ ကျန်းမာရေးအတွက် ဆေးဝါးများလိုအပ်နေ

မျိုးသီရိကျော် — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာပေါင်း ၆၀ ကျော်မှ ဒေသခံများမှာ စားဝတ်နေရေးအပြင် ကျန်းမာရေးအတွက် ဆေးဝါးများလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ မိုးတွင်းရာသီဖြစ်သဖြင့် ဒေသခံတစ်ချို့မှာ ငှက်ဖျား၊ တုပ်ကွေးရောဂါတို့ ဖြစ်ပွားမှုများရှိသော်လည်း ဝယ်သောက်စရာ ဆေးမရှိဖြစ်နေကြောင်း ပလက်မြို့နယ် ထရွန်အိုင်ကျေးရွာမှ ဦးင/လုံးက ပြောသည်။

“ပါရာစီတမောလ် တစ်လုံးကို ငါးရာပေးပြီးတော့ ဝယ်မယ်ဆိုရင်လည်း ရွာမှာမရှိဘူး။ အဖျားနည်းနည်းရှိလို့ ဆေးသောက်ပြီး ပျောက်သွားမယ်ဆိုရင်တောင်မှ ဆေးမသောက်ရဘူး။ ဒီအတိုင်းဆိုရင် ဖျားလို့တောင် သေသွား နိုင်တယ်။ ထမင်းငတ်လို့မသေခင် ရောဂါဖြစ်လို့ အရင်သေသွားမယ် ” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ယခုရက်ပိုင်းအတွင်း ကျန်းမာရေးမကောင်းသူများလည်း များပြားနေကြောင်း ထရွန်အိုင် ကျေးရွာသားများက ဆိုသည်။

ဒေသခံများအနေဖြင့် ယင်းနေရာများသို့ ဆေးဝါးပစ္စည်းများသယ်ယူခွင့်ကို ပလက်မြို့နှင့် နှစ်မိုင်ခန့်သာ ဝေးသည့် ရုပ်ဝကျေးရွာအနီး တပ်မတော်စစ်ဆေးရေးဂိတ်မှ တားမြစ်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ယခုလအစောပိုင်းက ဒလက်မေကျေးရွာသား ၂၀ ခန့် ငှက်ဖျားရောဂါဖြစ်ပွားခဲ့သဖြင့် ၎င်းတို့အတွက် ပလက်ဝမှ ဆေးဝါးများဝယ်ယူလာစဉ် တပ်မတော်ကစစ်ဆေးကာ ဆေးဝါးများကို သိမ်းဆည်းမှုများရှိခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျန်းမာရေးလုပ်သားတစ်ဦးက ပြောသည်။

ထို့ကြောင့် ယခင်ကကျန်ရှိနေသည့် ဆေးဝါးများဖြင့်သာ မျှတအောင်ကုသနေရကြောင်း အဆိုပါ ကျန်းမာရေး လုပ်သားတစ်ဦးက ဆိုသည်။

“လောလောဆယ်တော့ ငှက်ဖျားဖြစ်နေတဲ့သူတွေအတွက် (အရင်က) ရှိတဲ့ ငှက်ဖျားဆေးနဲ့ပဲ ဖြစ်သလို ဆေးကုသ နေရတယ်။ ငှက်ဖျားဆေးတစ်ခုတည်းရှိတာပါ။ နောက်ထပ် ဘာဆေးမှမရှိဘူး။ ဒီဆေးတွေ ကုန်သွားရင်တော့ ဘာမှမရှိတော့ဘူး ” ဟု ၎င်းကပြောသည်။

ဒေသခံများအတွက် ဆေးဝါးများသယ်ယူခွင့်ရရှိရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်များ၊ ကျေးလက်ကျန်းမာရေးဌာနတို့မှ ဆေးထောက်ခံချက်များပါရှိမှသာ တပ်မတော်က ခွင့်ပြုမည်ဆိုလျှင် လိုက်နာမည်ဖြစ်ကြောင်း ဦးင/လုံးကပြောသည်။

ယင်းဒေသများမှာ လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက်ကြောင့် လုံခြုံရေးအရ ကန့်သတ်ထားသည့် အတွက် အကူအညီပေးရန် အခက်အခဲများရှိနေကြောင်း ချင်းပြည်နယ်အစိုးအဖွဲ့ စည်ပင်သာယာရေးနှင့် စက်မှု လက်မှုဝန်ကြီး ဦးစိုးထက်က ပြောသည်။

“လောလောဆယ် စစ်ဖြစ်နေတဲ့ နေရာဖြစ်တဲ့အတွက် AA နဲ့ တပ်နဲ့ တောက်လျှောက်ရှိနေတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ လုံခြုံရေးအခြေအနေ ကန့်သတ်ထားရှိတဲ့အတွက် အရပ်ဘက်တွေ၊ အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ ဘာမှ ဆက်လုပ်လို့မရတဲ့ အနေအထားဖြစ်နေတယ်။ ဒါက တပ်မတော်ကလွဲလို့ လောလောဆယ်လုပ်ပေးလို့မရဘူး ” ဟု ဦးစိုးထက်က ပြောသည်။

ယင်းအပြင် ဆေးဝါးသယ်ယူခွင့်ကို တားမြစ်ထားခြင်းမျိုးမဟုတ်ပဲ ယင်းဆေးဝါးများမှာ အခြားနေရာသို့ ရောက်သွားမည်ကို စိုးရိမ်သည့်အတွက် ကန့်သတ်ထားခြင်းသာဖြစ်ကြောင်း ဦးစိုးထက်က ရှင်းပြသည်။

ယင်းသို့ ဆေးဝါးသယ်ယူခွင့်ကို တပ်မတော်က တားမြစ်ထားသည်ဆိုသည့် ဒေသခံများပြောဆိုချက်နှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီ တို့ကို DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားခြင်းကြောင့် စစ်ဘေးရှောင်ဦးရေ (၇၀၀၀)ကျော်ရှိပြီး စားဝတ်နေရေးအပြင် ဆေးဝါးများလည်း လိုအပ်ချက်ရှိနေကြသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...