စစ်တွေ-ပုဏ္ဏားကျွန်းအစပ်၌ စစ်အုပ်စုတပ်က စစ်ကြောင်း ၅ ကြောင်းဖြင့် ထိုးစစ်ဆင်

စစ်တွေ-ပုဏ္ဏားကျွန်းအစပ်၌ စစ်အုပ်စုတပ်က စစ်ကြောင်း ၅ ကြောင်းဖြင့် ထိုးစစ်ဆင်
စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)

တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ စစ်ကြောင်း ၅ ခုဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မင်းချောင်းတံတား၊ ဝါဘို၊ မင်းလှနှင့် မြစ်နားကျေးရွာအနီးအပြင် ပုဏ္ဏားကျွန်း မြို့နယ်ရှိ ကွမ်းတောင်၊ ရဲရိုးပြင်၊ ခမောင်းတော၊ အောင်ဇေယျနှင့် အောင်မြေကုန်းကျေးရွာအနီး စသည့် နေရာ များကို စစ်ကြောင်း ၅ ကြောင်း ခွဲကာ စစ်အုပ်စုတပ်က စက်တင်ဘာလ ၄ ရက်နေ့မှ စ၍ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

အဆိုပါ စစ်ကြောင်း တစ်ကြောင်းစီတွင် အင်အား ၁၇၀ မှ ၂၀၀ အထိ အသုံးပြု၍ တိုက်ခိုက်နေခြင်း ဖြစ်သည်။ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများ၌ စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်နေကြတယ်။ စစ်တပ် က တိုက်ပွဲဖြစ်တဲ့ နေရာဝန်းကျင်ကို လေကြောင်းတိုက်ခိုက်တာလည်း ရှိတယ်” ဟု ပြောသည်။

တိုက်ပွဲစတင်သည့် စက်တင်ဘာလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဘက်မှ စစ်ကြောင်းမှူးများ အပါအဝင် တပ်ဖွဲ့ဝင် ရာနှင့်ချီ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်က လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ ရေကြောင်းနှင့် လေကြောင်း များ အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"၄၉၂၆ စစ်ဆင်ရေး" အမည်ဖြင့် စက်တင်ဘာလ ၄ ရက်နေ့တွင် စတင်ခဲ့သည့် စစ်အုပ်စုတပ်၏ စစ်တွေ-ပုဏ္ဏား ကျွန်းအစပ် တိုက်ပွဲမှာ တစ်ပတ်ကျော် ကြာမြင့်လာပြီး လက်ရှိတွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းများမှာ AA ၏ တန်ပြန်ထိုးစစ်ကြောင့် အထိနာကာ ပြန်လည်ဆုတ်ခွာရမှုများလည်း ရှိနေသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်မင်းဦးက “စစ်တပ်က AA ထိန်းချုပ်နယ်မြေတွေကို အင်အား အလုံး အရင်းနဲ့ ထိုးစစ်ဆင်နေတာတွေ ရှိတယ်။ ဒါပေမယ့် ဒီအခြေအနေတွေက အထမမြောက်ဘူးပေါ့။ တိုက်ပွဲတွေ က ပိုပြီး ပြင်းထန်လာမယ့် အနေအထားတော့ ရှိတယ်။ ရပ်တန့်မယ့် အနေအထား မမြင်ဘူး” ဟု သုံးသပ်သည်။

စစ်အုပ်စုတပ်သည် စစ်တွေမြို့နယ် မင်းချောင်းတံတားကို ဖြတ်၍ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်၌ ခြေကုပ်ရယူပြီး ဆုံးရှုံးသွားသော မြို့နယ်များကို ပြန်လည်သိမ်းပိုက်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ဆိုကြသည်။

တစ်ဖက်တွင်လည်း ရခိုင်ပြည်၌ ကျန်ရှိနေသေးသည့် လက်ကျန်မြို့များကို ၂၀၂၇ ခုနှစ် မတိုင်မီ သိမ်းပိုက်ကာ အောင်ပွဲခံမည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသဖြင့် ယခုတိုက်ပွဲမှတစ်ဆင့် ရခိုင် တစ်ပြည်လုံး သိမ်းပိုက်ရေး တိုက်ပွဲသို့ ဦးတည်သွားနိုင်ကြောင်းလည်း အကဲခတ်များက သုံးသပ်ထားသည်။

ဓာတ်ပုံ - (mmmilitary / စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု။)

Most read this week

ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...