ကျောက်တော်တွင် လေဆင်နှာမောင်းတိုက်ခတ်၍ လူနေအိမ် ၄၅ လုံး ပျက်စီး

ကျောက်တော်တွင် လေဆင်နှာမောင်းတိုက်ခတ်၍ လူနေအိမ် ၄၅ လုံး ပျက်စီး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာအုပ်စု ရွှေပြည်ရွာမ၌ မတ်လ ၆ နေ့ ညနေပိုင်းက လေဆင်နှာမောင်းတိုက်ခတ်၍ လူနေအိမ် ၄၅ ဆောင်ပျက်စီးကာ အိမ်ထောင်စု ၁၀ စုမှ အရေးပေါ် အကူအညီ လိုအပ်နေသည်ဟု သတင်းရရှိသည်။

“ မနေ့က ညနေ ၄ နာရီ ၁၅ မိနစ်ကနေ ၅ နာရီ ၂၀ မိနစ်ထိ လေဆင်နှာမောင်း တိုက်ခတ်ပါတယ်။ ပြင်းပြင်းထန်ထန်ပါဘဲ။ လူနေအိမ် ၄၅ ဆောင် ပျက်စီးသွားပါတယ်။ တစ်အိမ်လုံးပျက်စီးသွားတာက ၅ ဆောင်ပါ။ ကျန်တဲ့အိမ်တွေက အမိုးအကာတွေ ပါသွားပါတယ်၊ ဘုန်းတော်ကြီးကျောင်းခေါင်းမိုးကလည်း သွပ်ပြား ၄ ချပ် လေထဲပါသွားပါတယ်” ဟု ရွှေပြည်ရွာမ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

လေဆင်နှာမောင်းကြောင့် အိုးအိမ်မဲ့ ဖြစ်သွားသူမှာ လူဦးရေ ၂၀ ကျော်ရှိကြောင်း၊ လက်ရှိ တဲထိုးပြီးနေထိုင်နေရကြောင်း၊ လောလောဆယ် စားရေးအတွက် အရေးပေါ် အကူအညီ လိုအပ်နေသည်မှာ အိမ်ထောင်စု ဆယ်စုဖြစ်ကြောင်း၊ အိမ်များပြန်ဆောက်ရန် ၀ါး၊ သက်ကယ်နှင့် အမိုးသွပ်များ လိုအပ်နေကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ယခုလက်ရှိတွင် ပြည်သူ့ရဲ၊ တပ်နှင့် မီးသတ်ဌာနတို့က ရောက်ရှိနေကြပြီး ပျက်စီးဆုံးရှုံးမှုနှင့် လူဦးရေအတိအကျကို စာရင်းကောက် ယူနေကြောင်း သိရသည်။

လေဆင်းနှာမောင်းကြောင့် ဒုက္ခရောက်နေသော မိသားစုများအတွက် အကူအညီပေးရန် စီစဉ်နေသည်ဟု ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုဦးစီးမှူးက နိရဥ္စရာသို့ ပြောကြားသည်။

“ကျွန်တော်တို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနေနဲ့ အကူအညီပေးဖို့ စီစဉ်နေပါတယ်။ အထွေအထွေ အုပ်ချုပ်ရေးမှူးအနေနဲ့ လူကယ်ပြန်ကို ပြောထားပါတယ်။ ခရိုင်ကလည်း ဆင်းလာဖို့ ရှိပါတယ်။ ဘယ်နေ့ ဆင်းလာမှာကိုတော့ အတိအကျ မသိရသေးပါ။ အဲ့ဒီအကူအညီပေးဖို့ ကိစ္စကိုပဲ အခုလုပ်နေပါတယ်”ဟု ဒုဦးစီးမှူးက ပြောသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...