မင်းပြားမြို့အနီး မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ အနီးအနားရှိ ဒေသခံအချို့ ထွက်ပြေး

မင်းပြားမြို့အနီး မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ အနီးအနားရှိ ဒေသခံအချို့ ထွက်ပြေး

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ မင်းပြားမြို့အနီး မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ အနီးအနားရှိ ဒေသခံအချို့ ကြောက်လန့်ကာ ထွက်ပြေးလျှက်ရှိကြကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၈ရက်နေ့ နံနက် ၁၁ နာရီခန့်က မင်းပြားမြို့နှင့်၂ မိုင်ခွဲခန့်ဝေးကွာသည့် တောင်တိုက်ကျေးရွာနှင့် ငလပ်ရွာဟောင်း (မူဆလင်) ကျေးရွာအကြားတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ တောင်တိုက်ကျေးရွာနှင့် မင်းပြားမြို့ ဦးစိုးတင့် ရပ်ကွက်မှ ဒေသခံအချို့ ထွက်ပြေးလျှက်ရှိကြကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာနှင့် မင်းပြားမြို့ရှိ ဦးစိုးတင့်ရပ်ကွက်တို့မှာ ၂ မိုင်ခန့်ဝေးကွာပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လက်နက်ငယ်များဖြင့် ၁ဝ မိနစ်ခန့်ကြာ ပစ်ခတ်မှုများ ဖြစ်ခဲ့ကြောင်း တောင်တိုက်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးအေးမောင်က ပြောသည်။

ဦးအေးမောင်က “ကျွန်တော်တို့ရွာရဲ့ တောင်ဘက်မှာ ပေါက်ကွဲမှုဖြစ်တာ။ အဲဒီနေရာကို ခြေလျင် ၁၅ မိနစ်လောက်ပဲသွားရတယ်။ ဦးစိုးတင့်ရပ်ကွက်နဲ့ နီးတယ်။ ကျွန်တော်တို့ရွာက ရွာသား ၃ဝ လောက် ထွက်ပြေးသွားကြတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ နေရာကတော့ သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်သံကြားတော့ ရွာသားတွေ ကြောက်ပြီး ထွက်ပြေးကြရော။ တိုက်ပွဲ ဖြစ်လား မဖြစ်လား မ ပြောနိုင်ပါ” ဟု နိရဉ္စရာသို့ ပြောသည်။

တောင်တိုက်ကျေးရွာမှ ကျေးရွာသား ၃ဝ ခန့်မှာ မင်းပြားမြို့နယ် ခေါင်းလောင်းကျေးရွာနှင့် ကြမ်းတိုက် ကျေးရွာထံ ထွက်ပြေးလျှက်ရှိကြကြောင်း သူက ဆက်ပြောသည်။

ဦးစိုးတင့်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးသာစိန်ထွန်းကလည်း “လူအထိအခိုက်တော့ မကြားဘူး။ မိုင်းက သုံးလုံးပေါက်တာပါ။ ရပ်ကွက်က လူတချို့ကလည်း ကြောက်ပြီး ထွက်ပြေးကြတာတွေ ရှိပါတယ်။ ဘယ်နေရာတွေကို ပြေးကြလဲတော့ မသိဘူး။ ရပ်ကွက်ထဲ မိန်းမတွေလောက်ပဲ ကျန်ခဲ့တာ။” ဟု နိရဉ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်နှင့် ဦးလှအောင်ညွှန့်တို့အား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ အဆက်သွယ်မရရှိခဲ့ပါ။

August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...
August 25, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ စိမ်းညင်းဝကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ...