ရခိုင်တောင်ပိုင်းရှိ တိုက်နယ်ဆေးရုံ(၂)ခုတွင် ဆရာဝန်မရှိသည်မှာ နှစ်ချီရှိနေပြီဖြစ်

ရခိုင်တောင်ပိုင်းရှိ တိုက်နယ်ဆေးရုံ(၂)ခုတွင် ဆရာဝန်မရှိသည်မှာ နှစ်ချီရှိနေပြီဖြစ်

ကျော်သူဌေး — ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ စကုကျွန်းရှိ တိုက်နယ်ဆေးရုံနှင့် တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်းရှိ ငမောက်ချောင်း တိုက်နယ်ဆေးရုံတို့တွင် ဆရာဝန်မရှိသည်မှာ နှစ်ချီကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ရမ်းဗြဲမြို့နယ်၊ စကုကျွန်းတိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ ၂၀၁၇ ခုနှစ်ကတည်းကဖြစ်ပြီး ယနေ့အချိန်ထိ လူဦးရေ ၅ ထောင်ခန့်မှာ အထက်တန်းသူနာပြုဆရာမ (၂)ဦးကို အားထားကာ ဆေးကုသနေ ရကြောင်း ဒေသခံများက ဆိုကြသည်။

“အရေးပေါ်လူနာဖြစ်လို့ရှိရင် မြို့ပေါ်ကိုသွားရာမှာ အသက်အန္တရာယ် စိုးရိမ်ရတယ်။ ရာသီဥတု မမှန်တဲ့အခါ မြို့ပေါ်ကို မသွားနိုင်တဲ့အနေအထားရှိတယ်။ နောက်ပြီးတော့ ရာသီဥတုအခြေအနေကြည့်ပြီး သွားရတော့ သွားလာလို့မရတဲ့ အချိန်အခါမျိုးမှာ လူ့အသက်တစ်ချောင်းဟာ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားတဲ့ဟာတွေရှိတယ်” ဟု ရေကောင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းကျော်က ပြောသည်။

အဆိုပါ စကုကျွန်းမှာ ရေလမ်းတစ်ခုတည်းသာရှိပြီး ရမ်းဗြဲမြို့ပေါ်သို့လည်းကောင်း၊ တောင်ကုတ်မြို့ပေါ်သို့ လည်းကောင်းသွားလျှင် အချိန် ၄ နာရီခန့်ကြာမြင့်သည့်အထိ သွားရကြောင်းဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ဒေသက ကျွန်းလွတ်လည်းဖြစ်တယ်။ ရေခြားမြေခြားလည်းဖြစ်တယ်။ ရေကြောင်းကို အားကိုး ပြီးမှ သွားလာနေရတဲ့ နေရာဖြစ်တယ်။ ဒီနေရာ ဒီဒေသမှာတော့ ဆရာဝန်တစ်ယောက်ကတော့ လိုအပ် တာထက်မက ပိုနေပါတယ်”ဟု ဦးသိန်းကျော်က ဆိုသည်။

အလားတူ တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်း၊ ငမောက်ချောင်းတိုက်နယ်ဆေးရုံတွင် ၂၀၁၉ ခုနှစ်မှစ၍ ဆရာဝန်မရှိဘဲ လူဦးရေ ၉ ထောင်ခန့်မှာ အထက်တန်းသူနာပြုဆရာမ (၂) ဦးကိုသာ အားထားကာ နေထိုင်ရသည့်အတွက် ဆေးကုသမှု ခံယူကြရာ၌ များစွာအခက်ခဲဖြစ်ပေါ်နေကြောင်း ဒေသခံများကဆိုကြသည်။

“ကျွန်တော်တို့ကျွန်းက တောင်ကုတ်နဲ့ ရေကြောင်းခရီးတစ်ခုသာ သွားလာလို့ရတယ်။ ကုန်းလမ်းမရှိဘူး။ ရေကြောင်းခရီးသွားတဲ့အခါလည်း ရာသီဥတုအခြေအနေကိုကြည့်ပြီး သွားလို့ရတော့ တစ်ရက်မှာတစ်ကြိမ် လောက်ပဲခရီးပေါက်တယ်”ဟု ပန်းတင်ကျွန်းကျေးရွာ ဆေးခန်းအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးချစ်ကျော်က ပြောသည်။

သို့ဖြစ်၍ ယင်းတိုက်နယ်ဆေးရုံများသို့ ဆရာဝန်များအား တာဝန်ချပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုကြသည်။

Most read this week

ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...
September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...