ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား နှစ်ဖက်တိုက်ပွဲများ ၁၀ ရက်ကျော်ကြာ ပြင်းထန်လျက်ရှိကြောင်း သတင်းရင်းမြစ်များက ပြောသည်။
စက်တင်ဘာ ၄ ရက်နေ့မှစ၍ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်အထိ နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများ ဆက်လက်ရှိနေသည်။
လက်ရှိတွင် စစ်တွေမြို့နယ် ဝါဘို၊ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဇေယျ၊ ခမောင်းတောနှင့် ကွမ်းတောင် အနီး တစ်ဝိုက်တို့၌ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားနေခြင်း ဖြစ်သည်။
မြေပြင်သတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ။ လက်နက်ငယ်တွေနဲ့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာလည်း ရှိတယ်ပြီးတော့ လက်နက်ကြီးပစ်ခတ်တာတွေလည်း အမြဲတမ်း ကြားနေရတယ်” ဟု ပြော သည်။
စစ်အုပ်စုတပ်က အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်း-စစ်တွေ အစပ်နေရာများကို အင်အား ထောင်ချီ အသုံးပြုကာ စစ်ကြောင်း ၅ ကြောင်းဖြင့် ဝင်ရောက်ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး AA ဘက်ကလည်း တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
ထို့ပြင် စစ်အုပ်စုက ရေတပ်သင်္ဘောများပေါ်မှနေ၍ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းကမ်းနှင့် ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းတို့ကိုပါ လက်နက်ကြီးများဖြင့် ရာနှင့်ချီ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက “နေသာတဲ့ နေ့တွေဆို ပစ်ခတ်တွေ အများကြီးကို ကြားရ တယ်။ မိုးတွေလည်းရွာနေတော့ လက်နက်ကြီးပစ်သံလောက်ပဲ ကြားရတယ်။ ဒီနေ့ မနက်ကလည်း လက်နက် ကြီး အသံတွေ ကြားလိုက်ရသေးတယ်” ဟု ပြောသည်။
စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်းမြို့သို့ ဝင်ရောက်နိုင်ရေး အစွမ်းကုန် ကြိုးပမ်းနေသော်လည်း အာရက္ခတပ်တော် က ပိတ်ဆို့ဖြတ်တောက်ထားသဖြင့် တိုက်ပွဲများမှာ ရှေ့မတိုးနိုင်ဘဲ နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။
“ပုဏ္ဏားကျွန်းမြို့နယ်ဟာ တပ်တော်(AA)အတွက် အလွန်အရေးပါနေတော့ စစ်ကောင်စီတပ်ကလည်း အပြင်း အထန် ထိုးစစ်တက်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ပုဏ္ဏားကျွန်းဟာ ရခိုင်မြောက်ပိုင်းမှာ အဓိက အရေးကြီးတဲ့ မြို့ဖြစ်တယ်။ AA ထိန်းထားတဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကို ဒီမြို့ကနေ ဖြတ်ပြီး တော့ သွားရတာဆိုတော့ ကုန်သွယ်စီးပွားအတွက်လည်း အရေးပါတယ်” ဟု ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက ပြောသည်။
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများကို ထိုးဖောက်နိုင်ရေးအတွက် ကြည်း၊ ရေ၊ လေ အင်အားအမြောက်အမြား အသုံးပြုကာ ‘၄၉၂၆ စစ်ဆင်ရေး’ အမည်ဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ကျောက်ဖြူ မြို့နယ်၊ စစ်တွေမြို့နယ်နှင့် ဧရာဝတီတိုင်း အစပ်တို့တွင်လည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
ဓာတ်ပုံ - (ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းပိုင်းတစ်နေရာတွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်အချို့။ / AA Info Desk - ပုံဟောင်း)







