ရသေ့တောင်မြို့နယ်တွင် ဒေသခံသုံးဦး လက်နက်ကြီးကျည်စထိမှန်၊ တစ်ဦးပစ်သတ်ခံရကြောင်းပြော

ရသေ့တောင်မြို့နယ်တွင် ဒေသခံသုံးဦး လက်နက်ကြီးကျည်စထိမှန်၊ တစ်ဦးပစ်သတ်ခံရကြောင်းပြော

နှင်းနွယ် - ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာဟောင်းနှင့် ချိန်ခါလီကျေးရွာသစ်ကြားတွင် ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်သံများကြားရပြီးနောက် ကျေးရွာသစ်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ဘယ်နှစ်လုံးကျလို့ ကျမှန်းတောင်မသိဘူး။ ရွာသားတွေကလည်း ပုန်းနေကြတာ။ အခုဒဏ်ရာရသွားတဲ့ သုံးယောက်ကလည်း ကိုယ့်အိမ်မှာကိုယ် ပုန်းနေရင်းနဲ့ လက်နက်ကြီး ကျည်စတွေ လာထိသွားတာ” ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးကပြောသည်။

ထိုသို့ လက်နက်ကြီးကျည်စထိမှန်ခဲ့သူများမှာ ချိန်ခါလီကျေးရွာသစ်မှ ဦးမောင်ထွန်းဝင်း ၅၀ နှစ်၊ ဒေါ်ဦးမြင့်ကြည် ၄၁ နှစ်နှင့် ၎င်းတို့၏သားဖြစ်သူ ၁၃ နှစ်အရွယ်ကလေးတို့ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ဦးမောင်ထွန်းဝင်းမှာ ခြေထောက်၌ထိမှန်ဒဏ်ရာ၊ ဒေါ်ဦးမြင့်ကြည်မှာ လက်မောင်းထိမှန်ဒဏ်ရာနှင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်မှာ ရင်ဘတ်ထိမှန်ဒဏ်ရာများရရှိသွားခဲ့သဖြင့် ဆင်ပိုက်ကျေးရွာဆေးခန်းတွင် ဇူလိုင် ၁၃ ရက်နေ့လည်ပိုင်းက ဆေးကုသမှုခံယူလျက်ရှိသည်ဟု ကျေးရွာသားများကပြောသည်။

ကျေးရွာအတွင်းလက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲသဖြင့် ချိန်ခါလီကျေးရွာသားများမှာ ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ရွာအတွင်း ပိတ်မိကျန်ခဲ့သူအချို့ရှိခဲ့ကြောင်း ထွက်ပြေးလာသူ များက ဆိုသည်။

ကျေးရွာအတွင်းပိတ်မိနေခဲ့သူမှာ ၉ ဦးရှိခဲ့ပြီး အမျိုးသားတစ်ဦးကို ညနေ ၅ နာရီကျော်အချိန်က ကျေးရွာ အတွင်းဝင်ရောက်လာသည့် တပ်မတော်သားများမှ သေနတ်ဖြင့်ပစ်သတ်ခဲ့သဖြင့် သေဆုံးသွားသည်ဟု ဇနီး ဖြစ်သူကပြောသည်။

ယင်းသို့ပစ်ခတ်ခံရသူမှာ အသက် ၆၀ အရွယ် ဦးမောင်ထွန်းစိန်ဖြစ်ပြီး နေအိမ်၌ပုန်းခိုနေစဉ် တပ်မတော်သား များမှ နေအိမ်အပြင်သို့ခေါ်ယူကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်ဦးတင်ညွန့်က ဆိုသည်။

“ကျွန်မနဲ့ ကျွန်မယောကျ်ားက အိမ်က ထင်းပုံနောက်မှာပုန်းနေတာ။ အဲဒီအချိန်မှာ တပ်မတော်သားတွေက ဝင်လာပြီးတော့ ကျွန်မယောကျာ်းကို အိမ်ပြင်ကိုဆွဲထုတ်တယ်။ ခြံအပြင်ကိုရောက်တာနဲ့ ကျွန်မယောကျ်ား အင်္ကျီကိုဆွဲပြီးတော့ ရင်ဝတည့်တည့်ကို သေနတ်နဲ့ပစ်လိုက်တယ်”ဟု ဒေါ်ဦးတင်ညွန့်က ပြောသည်။

ထို့နောက်တွင် တပ်မတော်သားများမှ နေအိမ်ရှေ့၌ဖွင့်ထားသည့် ဈေးဆိုင်ခန်းအားဖောက်ထွင်းကာ စားကုန် ပစ္စည်းများနှင့် တခြားဆိုင်၌ရှိသည့်ပစ္စည်းများကိုပါ ယူဆောင်သွားခဲ့ကြကြောင်း ၎င်းကဆက်၍ပြောသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့်သေဆုံးသွားသည့် ခင်ပွန်းဖြစ်သူ၏ရုပ်အလောင်းအား သေဆုံးသည့်နေရာတွင် ထားခဲ့ပြီး ဒေါ်ဦးတင်ညွန့်မှာ ကျေးရွာမှထွက်ပြေးလာခဲ့သည်ဟု ဆိုသည်။

“ရွာမှာ တစ်ယောက်မှ မကျန်ခဲ့တော့ ကျွန်မလည်းအရမ်းကြောက်ပြီး သူတို့မမြင်အောင် ပုန်းပြီးပြေးလာခဲ့တာ။ ကျွန်မ ယောကျာ်းမှာ ဘာအပြစ်မှမရှိပါဘူး။ သူကအရမ်းစိတ်ထားကောင်းတဲ့သူပါ။ အခုလို ကျွန်မမျက်စိရှေ့မှာ သေသွားတော့ အရမ်းပူလောင်တယ်။ အခု ဆိုသူ့အလောင်းက ဘယ်လိုပုံစံရှိနေမလဲတောင်မသိတော့ပါဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ် ထွန်းထွန်းညီတို့အား DMG မှ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံမရရှိခဲ့ပေ။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “လက်နက်ကိုင်ထားတဲ့သူတွေ၊ အာဏာရှိတဲ့ သူတွေက လူနေရပ်ကွက်တွေမှာ ပစ်ခတ်တာတွေကို ရှောင်ရှားသင့်တယ်။ နောက်ပြီးတော့ အရပ်သားတွေ ကိုလည်း အကာအကွယ်ပေးသင့်တယ်။ ဥပဒေကလည်း ဒီလိုပဲ ပြဋ္ဌာန်းထားတာ”ဟု ပြောသည်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...