အစိုးရထံမှ အကူအညီမရ၍ ရခိုင်ပြည်နယ်မှ ရွာချင်းဆက်တံတားများကို ကိုယ်ထူကိုယ်ထ တည်ဆောက်နေကြရ

အစိုးရထံမှ အကူအညီမရ၍ ရခိုင်ပြည်နယ်မှ ရွာချင်းဆက်တံတားများကို ကိုယ်ထူကိုယ်ထ တည်ဆောက်နေကြရ
by -
နိရဥ္စရာ
မြစ်ချောင်းများ ပေါများသော ရခိုင်ပြည်နယ်တွင် ရွာချင်းဆက် တံတားအများအပြားကို အစိုးရထံမှ အကူအညီမရ၍ ဒေသခံ ပြည်သူများ အနေဖြင့် ကိုယ်ထူ ကိုယ်ထ တည်ဆောက်နေကြရသည်ဟု သိရသည်။

ထိုအထဲတွင် မြောက်ဦးမြို့နယ်မှ ကျေးရွာပေါင်း ၂၀ ကျော် အသုံးပြုနေရသော ကလကကျေးရွာနှင့် ကင်းဆိပ် ကျေးရွာကို ဆက်သွယ်ထားသော တံတားလည်း ပါ၀င်သည်။

ယခုအခါ ၎င်းတံတားကို ကျပ် သိန်း (၃၀) အကုန်အကျခံပြီး ကျေးရွာသားများက ကိုယ်ထူကိုယ် တည်ဆောက် နေကြရသည်ဟု ရွာသားများက နိရဥ္စရာသို့ သတင်းပေးပို့သည်။

“ မတ်လ ၃ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေးအဖွဲ့၏ နှိုးဆော်ချက်နဲ့ မြောက်ဦးမြို့နယ် ကလကကျေးရွာနှင့် ကင်းဆိပ်ကျေးရွာကို ဆက်သွယ်နိုင်မယ့် တံထားကို ကိုယ်ထူကိုယ်ထ ထိုးပါတယ်။ ကွမ်းသီးပင် တွေကို အသုံးပြုပြီး ထိုးတာပါ။ ကွမ်းသီးပင် တံတားဆိုပေမယ့် ကျပ်သိန်း ၃၀ ကျော်ခန့် ကုန်ကျပါတယ်။ အစိုးရဆီ တစ်ပြားတစ်ချပ်မှ အကူအညီမရပါ” ဟု မြောက်ဦး မြို့နယ်တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေးအဖွဲ့ အတွင်းရေးမှူး ဦးမောင်သာစိန်က နိရဥ္စရာသတင်းဌာနသို့ မတ်လ ၄ ရက်နေ့က ပြောကြားသည်။

ယခု တည်ဆောက်နေသော တံတားသည် အရှည် ပေ ၂၀၀ ကျော်ရှိပြီး၊ ၂ ဘီးနှင့် လူမပါ ၃ ဘီးဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး၊ တည်ဆောက်ပြီးပါက ကျေးရွာပေါင်း ၂၀ မှ ၃၀ ခန့် အကြားရှိ ကျေးရွာသားများ မြောက်ဦးမြို့သို့ ကုန်းလမ်းဖြင့် သွားလာရာတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မြောက်ဦးမြို့နယ်မှာ ချောင်းကူးတံတားတွေကို ကိုယ်ထူကိုယ်ထ တည်ဆောက်နေပါတယ်။ ပြည်နယ်အစိုးရဆီသို့ အကူအညီတောင်းခံခဲ့ပေမယ့် ပေးမလိုလိုနဲ့ နောက်ဆုံးတော့ နေလာနှင်းလို ပျောက်သွားပါတယ်” ဟု သူက ပြောဆိုသည်။

မြောက်ဦးမြို့နယ် တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေးအဖွဲ့မှ ကျေးရွာသားများနှင့် ပူးပေါင်း၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် မြောက်ဦးမြို့နယ်တွင် ထိုးထားသည့် ကြိုးတံတား ၃ စင်းနှင့် ကွမ်းသီးပင်တံတား ၄ စင်းရှိပြီး ကြိုးတံတား တစ်စင်းအတွက် အနည်းဆုံး ကျပ်သိန်း ၃၀၀ မှ ၅၀၀ ကျော်ထိ ကုန်ကျကာ ကွမ်းသီးပင်တံတားအတွက် ကျပ်သိန်း ၃၀ ကျော်ကုန်ကျကြောင်းသိရသည်။

ကြိုးတံတားများကို တည်ဆောက်ရာတွင် မြောက်ဦးမြို့နယ် ကျွဲတဲကျေးရွာဇာတိ အငြိမ်းစား အင်ဂျင်နီယာ ဦးဘစောက အဓိက ငွေကြေးမတည်ပြီး သူ၏ နည်းပညာဖြင့် တည်ဆောက်ခဲ့သည့် တံတားများဖြစ်သည်ဟု ဆိုသည်။

“ နောက်ဆုံးထိုးထားတဲ့ မြောက်ဦးမြို့နယ် လက်ပံတော ကြိုးတံတားအတွက် ကျပ်သိန်း ၅၀၀ ချပေးထားပြီလို့ သတင်းကြားတော့ ဌာနဆိုင်ရာတွေကို သွားမေးကြည့်တဲ့အခါမှာ သတင်းအစအန မရရှိပါဘူး။ ပြည်နယ်အစိုးရက အကူအညီ ပေးခဲ့တာတော့ တစ်ခုရှိပါတယ်၊ ပထမဆုံးထိုးခဲ့တဲ့ ဘောက်ချောင်း ကြိုးတံတားမှာ အခင်းသစ်သား ကူညီပေးခဲ့တာ ရှိပါတယ်” ဟု ဦးမောင်သာစိန်က ပြောသည်။

ကွမ်းသီးပင်ကို အသုံးပြုပြီး တံတားတည်ဆောက်ပါက ၃ နှစ်ခန့် မပျက်မစီးဘဲ အသုံးပြုနိုင်ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...