စစ်တွေ စက်ရုံစုရပ်ကွက်တွင် မိန်းကလေးငယ်တစ်ဦးပျောက်ဆုံးမှုနှင့် ပတ်သက်၍ နယ်မြေရဲစခန်းရှေ့ လူစုလူဝေး ဖြစ်

စစ်တွေ စက်ရုံစုရပ်ကွက်တွင် မိန်းကလေးငယ်တစ်ဦးပျောက်ဆုံးမှုနှင့် ပတ်သက်၍ နယ်မြေရဲစခန်းရှေ့ လူစုလူဝေး ဖြစ်

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ စက်ရုံစုရပ်ကွက်တွင် နေအိမ်မှ ပျောက်ဆုံးသွားသည့် မိန်းကလေးငယ်နှင့် ပတ်သက်၍ စက်ရုံစု ရဲစခန်းရှေ့တွင် လူစုလူဝေး ဖြစ်ပေါ်နေကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် မိန်းကလေးငယ်မှာ စက်ရုံစုရပ်ကွက် အကွက်(၈)မှ မဦးမေသန်း (၁၃)နှစ်ဖြစ်ပြီး ဇူလိုင်လ ၁ဝ ရက်နေ့ကတည်းက ပျောက်ဆုံးနေသည်ဟု သိရသည်။

မဦးမေသန်းသည် မဝေဝေသန်း(၁၆)နှစ်နှင့်အတူပျောက်ဆုံးနေခြင်းဖြစ်သဖြင့် မဝေဝေသန်း၏ မိခင်နှင့်အတူ အပေါင်းအပါ ၃ ဦးတို့အား စက်ရုံစုရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင် ထားကြောင်း၊ ၎င်းနောက် လူစုလူဝေး ဖြစ်လာကြောင်း ရဲစခန်းတာဝန်ရှိသူ ရဲအရာရှိက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

ရဲစခန်းတာဝန်ရှိသူ ရဲအရာရှိက "အခုခေါ်ထားတဲ့ ဝေဝေသန်းရဲ့အမေကို အမှတ် ၁ ရဲစခန်းကို ပို့သွားပါမယ်။ လူစုလူဝေး ဖြစ်နေတာ မှန်ပါတယ်" ဟုပြောသည်။

လူစုလူဝေးဖြစ်လာခြင်းမှာ မဦးမေသန်း ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ရပ်ကွက်သားများက ဖမ်းဆီးပြီး ယမန်နေ့က ရဲလက်ကို အပ်ထားသော မဝေဝေသန်း၏ မိခင်၊ သမီးယောက်မ ဖြစ်သူနှင့် တစ်ခြား အမျိုးသား တစ်ဦး တို့အား ရဲက ပြန်လွှတ်လိုက်ပြီဆိုသော ကောလာဟလ သတင်း ထွက်ပေါ်လာပြီးနောက် ရဲစခန်းရှေ့တွင် လူစုလူဝေး ဖြစ်လာခြင်း ဖြစ်ကြောင်း ပျောက်ဆုံးသူ မဦးမေသန်း၏ မိခင်ဒေါ်မငယ်က ပြောသည်။

" ကျွန်မသမီးလေးက ကျွန်မနဲ့စကားများပြီး အိမ်ကထွက်သွားပါတယ်။ ညလာမအိပ်လို့ ရပ်ကွက်ရုံးမှာ တိုင်တယ်။ သမီးလေးကိုရှာတော့ ဝေဝေသန်းရဲ့အမေက သူ့အိမ်မှာညအိပ်ခိုင်းတယ်လို့ ပြောတယ်။ မနက်ကျတော့ သမီးလေးရော ဝေဝေသန်းရော မရှိတော့ဘူး။ အခုရဲစခန်းထဲမှာ ဝေဝေသန်းရဲ့ အမေကို ထိမ်းသိမ်းထားတယ်။ အခု သူတို့ကို ပြန်လွှတ်လိုက်ပြီဆိုလို့ ပြန်လွှဲပေးဖို့ တောင်းဆို နေကြတာ ဖြစ်ပါတယ်" ဟုပြောသည်။

လူစုလူဝေးမှာ ဇူလိုင် ၁၂ ရက် နံနက် ၆ နာရီခန့်မှ စပြီး နေ့လယ် ၁ နာရီအထိ လူစုမကွဲသေးဟု သိရသည်။

လက်ရှိတွင် ၎င်းဖမ်းဆီးခံထားရသူ သုံးဦးကိုရဲက ပြန်လွှတ်ပေးခြင်း မဟုတ်ဘဲ စစ်တွေအမှတ် (၁) ရဲစခန်းသို့ လွှဲပြောင်းရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...