ပုဏ္ဏားကျွန်းမြို့ပေါ်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေ၊ ကလေးတစ်ဦးဒဏ်ရာရ

ပုဏ္ဏားကျွန်းမြို့ပေါ်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေ၊ ကလေးတစ်ဦးဒဏ်ရာရ

ခင်သရဖီဦး — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ရွာဟောင်းရပ်ကွက်အတွင်း ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၇ နာရီ အချိန်ခန့်က ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် အမျိုးသားတစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွား ခဲ့ကြောင်း မိသားစုဝင်များကပြောသည်။

ပစ်ခတ်မှုကြောင့်သေဆုံးသွားသူမှာ ဦးဦးရွှေသာ အသက် ၇၅ နှစ်ဖြစ်ပြီး ခြေထောက်၌ဒဏ်ရာရရှိသွားသူမှာ အသက် ၁၃ နှစ်အရွယ် မသန္တာဦးဖြစ်ကြောင်း သိရသည်။

ပစ်ခတ်သံများကြားရ၍ နေအိမ်တွင်ပုန်းခိုနေစဉ် လက်နက်ကြီးကျည်ကျရောက်လာသဖြင့် ဦးဦးရွှေသာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်မျှခင်က ဆိုသည်။

“အပြင်ကပစ်သံကြားတော့ ကျွန်မတို့ပုန်းနေကြတာ၊ အဲဒီမှာလက်နက်ကြီးက သူ့ဘယ်ဖက်ရင်အုံကိုကျလာတယ်။ အဲဒီနေရာမှာပဲ သူကအသက်မရှိတော့ဘူး” ဟု ဒေါ်မျှခင်က ပြောသည်။

ထိုသို့ သေဆုံးသွားသည့် ဦးဦးရွှေသာ၏ ရုပ်အလောင်းကို ဇူလိုင် ၁၂ ရက် နေ့လည် ၁၂ နာရီခန့်က သင်္ဂြိုလ်ခဲ့ကြောင်း မိသားစုထံမှ သိရသည်။

ထို့ပြင် ခြေထောက်၌ကျည်ထိမှန်သွားခဲ့သည့် မသန္တာဦးမှာလည်း ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ရထားဘူတာအနီးရှိ ၎င်း၏နေအိမ်၌ မိခင်နှင့်အတူပုန်းခိုနေခဲ့ပြီး ပစ်ခတ်မှုရပ်တန့်သွားချိန်တွင် မြို့ထဲသို့သွားရန်နေအိမ်မှ ထွက်ခွာလာစဉ် ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

မသန္တာဦး၏ အဖွားဖြစ်သူက ဒေါ်မစံသာက “ပစ်ခတ်တာရပ်သွားတဲ့အချိန်မှာ အဲဒီဖက်ကနေ မြို့ထဲကို နေမဝင် ခင်လာခဲ့ဆိုပြီး သူ့အဖေကဖုန်းခေါ်တော့ သားမိနှစ်ယောက်ပြေးလာတဲ့အချိန်မှာ တောင်ပေါ်က လှမ်းပစ်လိုက် တာကြောင်း အခုလို့ဒဏ်ရာရသွားတာပါ” ဟု ဆိုသည်။

လက်ရှိအချိန်တွင် မသန္တာဦး၏ကျည်ထိဒဏ်ရာမှာ မစိုးရိမ်ရသဖြင့် ပုဏ္ဏားကျွန်းဆေးရုံတွင် ဆေးကုသမှုခံယူ နေကြောင်း ဒေါ်မစံသာကပြောသည်။

ယခုကဲ့သို့ မြို့ပေါ်တွင်ပစ်ခတ်မှုများကြောင့် ဒေသခံများစိုးရိမ်နေကြကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ဆိုသည်။

“လူတွေကတော့ စိုးရိမ်နေကြပါတယ်။ အခုက ငြိမ်ငြိမ်သက်သက်လည်းဖြစ်နေတဲ့အချိန်မှာ ဖြစ်သွားတော့ ပြည်သူတွေစိတ်နာမှာပေါ့။ ဘယ်ဖက်က ပစ်တယ်ဆိုတာကိုအကုန်လုံးသိတယ်။ ပစ်ခတ်တဲ့အဖွဲ့ကိုတော့ ပြည်သူတွေကလုံးဝမုန်းမှာပေါ့ ” ဟု ဦးအောင်သန်းတင်က DMG သို့ ပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်အပြီးတွင် ရွာဟောင်းရပ်ကွက်ရှိ ဦးဗိုလ်အေးထွန်းအိမ်ရှေ့တွင်လည်း မပေါက်ကွဲ သေးသော လက်နက်ကြီးကျည်တစ်လုံးကျရောက်နေခြင်းကြောင့် နေအိမ်ပိုင်ရှင်နှင့် ဒေသခံများက စိုးရိမ်နေကြသည်။

ဓါတ်ပုံ - နေအိမ်ရှေ့တွင်ကျရောက်နေသည့် မပေါက်ကွဲသေးသည့် လက်နက်ကြီးအားတွေ့မြင်ရစဉ်

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...