မာန်အောင်မြို့နယ်တွင် နွားများရောဂါရ၍ သေဆုံးမှုများဖြစ်ပေါ်နေ

မာန်အောင်မြို့နယ်တွင် နွားများရောဂါရ၍ သေဆုံးမှုများဖြစ်ပေါ်နေ

ဆောင်းဇာခြည် - ရခိုင်ပြည်နယ်တွင် နွားမွေးမြူရေးဖြစ်ထွန်းသည့် မြို့နယ်တစ်ခုဖြစ်သည့် မာန်အောင်မြို့နယ်တွင် နွားများရောဂါဖြစ်ပြီး သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

သေဆုံးသွားသည့် နွားများမှာ မသေမီ လည်ပင်းရောင်ရမ်းခြင်း၊ ခြေဆစ်၊ တံတောင်ဆစ်များ ရောင်ရမ်းခြင်းများ ဖြစ်ပေါ်ပြီး သေဆုံးခြင်းဖြစ်ကြောင်း သေဆုံးသွားသည့် နွားပိုင်ရှင်များက ပြောသည်။

မာန်အောင်မြို့နယ်၊ နတ်ပြင်ကျေးရွာမှ ကိုဇော်ထက်လင်းက “မာန်အောင်မြို့နယ်တစ်ခုလုံးမှာ ဖြစ်နေတာပါ။ ရောဂါလက္ခဏာက ပထမဆုံး ပါးစပ်က အရည်တွေထွက်တယ်။ ခြေခွာတွေ နာပြီး မသွားနိုင်တာတွေ၊ ဆေးကုနေရင်း လည်ပင်းတွေ ကြီးလာပြီး အသက်ရှုလမ်းကြောင်းတွေ ပိတ်ပြီး အသက်မရှုနိုင်တာတွေလည်း ဖြစ်ပါတယ်။ တချို့ပြောကြတာက လေးဘက်နာ တချို့ကလည်း ကပ်ရောဂါကြောင့်လို့လည်း ပြောကြတယ်။ မနေ့က ကျွန်တော့်အစ်ကိုမှာလည်း တစ်ကောင် ဒီအတိုင်း အကောင်း အစာစားပြီး သွားနေရင်း လဲပြီး သေသွားတယ်။” ဟု နိရဉ္စရာသို့ ပြောသည်။

နွားသေဆုံးမှုမှာ ယခုနှစ် မိုးဦးကာလအတွင်းမှစ၍ သေဆုံးနေခြင်းဖြစ်ကြောင်း၊ လယ်ထွန်လက်စ တချို့ လယ်သမားများမှာ လယ်ထွန်နေရင်း သေဆုံးမှုများဖြစ်သောကြောင့် လယ်ထွန်စက်များအား အသုံးပြုနေရကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ နတ်ပြင်ကျေးရွာအနီးတဝိုက်ရှိ ရေငံပြင်၊ ငါးပုန်ကုန်း၊ ဒိုးတန်း၊ ကွမ်းမြိုင်ကုန်း၊ ကမားကျေးရွာ စသည့်ကျေးရွာတို့တွင်လည်း ထိုကဲ့သို့ ရောဂါလက္ခဏာဖြင့် နွားသေဆုံးမှုများရှိနေကြောင်း သိရသည်။

ရေငံပြင်ကျေးရွာမှ ဦးမောင်ဝင်းတင်ကလည်း “ကျွန်တော့်မှာလည်း တစ်ကောင်သေသွားတယ်။ အခု ၅ ကောင် အဲဒီ ရောဂါဖြစ်နေတယ်။ ခွာနာဖြစ်တယ်။ အစာမစားနိုင်၊ မသွားနိုင်ဖြစ်တယ်။ တခြားလူတွေမှာလည်း သုံးကောင်သေ၊ လေးကောင်သေ အဲဒီလိုတွေလည်း ရှိကြတယ်။ မာန်အောင်တစ်မြို့နယ်လုံးမှာ ဖြစ်နေတာပါ” ဟု နိရဉ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျန်အေးအား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ အဆိုပါ ရောဂါလက္ခဏာများဖြစ်ကာ နွားများသေဆုံးနေသည်မှာ မှန်ကန်ကြောင်း ပြောဆိုသည်။

မာန်အောင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာသန်းဝင်းက “ပူလိုက် အေးလိုက်ဆိုတော့ ရာသီဥတုလည်း ဖောက်ပြန်မှုတွေကြောင့်ပေါ့နော်။ အခု တာဝန်ရှိသူတွေ ပူးပေါင်းပြီး လိုက်လံထိန်းချုပ်ပေးနေပါတယ်။ တော်တော်များများလည်း ပျောက်ကင်းသက်သာနေကြပါပြီ” ဟု နိရဉ္စရာသို့ ပြောသည်။

မာန်အောင်မြို့နယ်သည် ရခိုင်ပြည်နယ်တွင် နွားမွေးမြူရေး အဓိက လုပ်ကိုင်သည့် မြို့နယ်တစ်ခုဖြစ်ပြီး နွားမွေးမြူရေးမှာ တစ်ခြားဒေသများထက် ဖြစ်ထွန်းအောင်မြင်ကြောင်း သိရှိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...