အမ်းမြို့နယ်မှ စစ်ဘေးရှောင်တစ်ထောင်ခန့် နေရာထိုင်ခင်းအခက်အခဲဖြစ်နေ

အမ်းမြို့နယ်မှ စစ်ဘေးရှောင်တစ်ထောင်ခန့် နေရာထိုင်ခင်းအခက်အခဲဖြစ်နေ

မြတ်ဆွေ - ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စစ်ဘေးဒုက္ခသည်စခန်းနှစ်ခုတွင် ဒုက္ခများ ထပ်တိုးရောက်ရှိလာသဖြင့် အဆောင်များ လိုအပ်လျက်ရှိနေသည်ဟု စခန်းတာဝန်ရှိသူထံမှ သိရသည်။

အဆိုပါမြို့နယ်ရှိ ဒါးလက်အုပ်စုအတွင်း “နယ်မြေရှင်းလင်းမည်”ဆိုသည့် သတင်းစကားများကြောင့် ကျေးရွာ ပေါင်း ၂၀ ကျော်မှ ဒေသခံများမှာ စိုးရိမ်စိတ်များဖြင့် မြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့တိမ်းရှောင်လာသူ ၁၀၀၀ ခန့်မှာ အမ်းမြို့ပေါ်ရှိ အမှတ်(၁) ပဲပဒုံစစ်ဘေးရှောင်စခန်းနှင့် အမှတ်(၂) အားကစားခန်းမစစ်ဘေးရှောင်စခန်းများသို့ ခိုလှုံလာကြသဖြင့် နေထိုင်ရန်အဆောင်များ မလုံလောက်ဘဲ အခက်အခဲဖြစ်နေရကြောင်း စခန်းတာဝန်ရှိသူများက ဆိုသည်။

လတ်တလောမှာ အမှတ်(၁)စခန်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များ ယာယီနေထိုင်နိုင်ရန် မြေပြင်တွင် တာပေါ်လင်စများဖြင့် အခင်းအကာများပြုလုပ်ပေးထားသော်လည်း မိုးရွာသွန်းလာလျှင် စိုစွတ်မှုများရှိသဖြင့် အဆင်မပြေကြောင်း စခန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေက DMG သို့ ပြောသည်။

“ကျနော်တို့စခန်းမှာက အခုတော့အဆောင် ၂၀ ကျော်လောက် လိုပါတယ်။ နောက်ပြီး အခြေခံစားသောက်ကုန်တွေ လက်ရှိအချိန်မှာ လိုအပ်နေတယ်” ဟု ၎င်းကပြောသည်။

အမှတ်(၁)စစ်ဘေးရှောင်စခန်းတွင် ယခင်က စစ်ဘေးဒုက္ခသည်ဦးရေ ၃၀၀ ကျော်ရှိခဲ့ရာမှ ဇွန်လ ၂၆ ရက်နေ့ နောက်ပိုင်းတွင် ဒုက္ခသည်ဦးရေ ၃၀၀ ကျော် ထပ်တိုးလာကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

ထို့ပြင် အမှတ် (၂) စစ်ဘေးရှောင်စခန်းသို့ ဇွန်လ ၂၈ ရက်နေ့နောက်ပိုင်း စစ်ဘေးရှောင်ဦးရေ ၆၀၀ ကျော် ထပ်တိုးရောက်ရှိလာသဖြင့် နေထိုင်ရန်အဆောင်များ လုံလောက်မှုမရှိဘဲ အဆောင် ၇၀ ကျော်ခန့် လိုအပ်မှု ရှိကြောင်း ၎င်းစခန်း၏ ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ကိုစိုးသိန်းက ဆိုသည်။

“စစ်ဘေးရှောင်တွေက တိုးလာတဲ့အတွက် အခန်းတွေက မလောက်ဘူး။ လူဦးရေကများတယ်၊ အခန်းက နည်းတယ်။ ဒါကြောင့် ကျွန်တော်တို့က အခန်းတွေမရှိတဲ့သူတွေကို အားကစားခန်းမမှာ ထားတယ်။ အဲဒီ မှာလည်း လူတွေကပြည့်နေတော့ အိပ်ရ၊နေရတာအဆင်မပြေဘူး” ဟု ကိုစိုးသိန်းက ပြောသည်။

စစ်ဘေးရှောင်များအတွက် အဆောင်ဆောက်မည်ဆိုပါက အဆောင်တစ်ဆောင်လျှင် ငွေကျပ်တစ်သိန်းခန့် ကုန်ကျမှုရှိကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

ဒလက်အုပ်စုအတွင်းမှ မင်္ဂလာဒုံ၊ နတ်မော်၊ အလယ်ရွာ၊ သင်္ဘောမှောက် စသည့်ကျေးရွာများမှ ရွာသားများမှာ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံလာကြခြင်းဖြစ်သည်။

အဆိုပါအုပ်စုအတွင်းမှ ထွက်ပြေးတိမ်းရှောင်လာသူ ၄၀၀၀ ကျော်တွင် လူဦးရေ ၁၀၀၀ ခန့်သာ စစ်ဘေးရှောင် စခန်းတွင် ခိုလှုံနေခြင်းဖြစ်ပြီး ကျန်လူဦးရေ ၃၀၀၀ ကျော်မှာ အမ်းမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်နေသည်ကို တွေ့ရှိရကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူ ကိုမျိုးလွင်က ဆိုသည်။

“မြို့ပေါ်ရပ်ကွက် နေထိုင်တဲ့သူတွေဆိုရင် ၃၀၀၀ လောက်ရှိတယ်။ အဲဒါက ကျွန်းတွေ၊ နယ်တွေကို ထွက်ပြေး တိမ်းရှောင်နေတာ မပါသေးဘူး။ အဲဒီထွက်ပြေးတိမ်းရှောင်လာတဲ့ လူတွေက ရက်ကွက်တွေမှာ ဆွေမျိုးတွေရှိရင် ဆွေမျိုးအိမ်တွေမှာနေကြတယ်။ နေအိမ်တွေငှားပြီး နေကြတယ်။ သူ့တို့ကပိုပြီး အခက်အခဲတွေဖြစ်နေတယ်” ဟု ကိုမျိုးလွင်က ပြောသည်။

ဒလက်ချောင်းကျေးရွာမှ တိမ်းရှောင်လာသူ ဦးဝင်းဇော်က “အခုက ကျန်းမာရေးတွေကလည်းစိုးရိမ်ရတယ်။ စခန်းမှာလူတွေများနေတော့ စခန်းမှာမနေခဲ့ဘူး။ စခန်းပြင်ပနေတော့လည်း ကျနော်တို့ကပိုပြီး အခက်အခဲတွေ ဖြစ်လာတယ်။ စားဝတ်နေရေးတွေ၊ ပြီးတော့ ကျနော်တို့က ရှိတဲ့ပိုက်ဆံတွေနဲ့ မြေကွက်ဝယ်ပြီး နေရတဲ့အတွက် ပိုပြီးတော့ အခက်အခဲတွေဖြစ်တယ်”ဟု ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့်စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခန့်အထိ ရှိလာသည်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...