စစ်ဘေးရှောင်များ အစိုးရဒုက္ခသည်စခန်းများတွင် နေထိုင်လာကြ

စစ်ဘေးရှောင်များ အစိုးရဒုက္ခသည်စခန်းများတွင် နေထိုင်လာကြ

နှင်းနွယ် - ရခိုင်ပြည်နယ်အတွင်းက မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စသည့်မြို့နယ်များရှိ အစိုးရကဆောက်လုပ်ထားသည့် ယာယီစစ်ဘေးရှောင်စခန်း ၆ ခုတွင် စစ်ဘေးရှောင်ဦးရေ နှစ်ထောင်ခန့် အထိ နေထိုင်မှုရှိလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ သိရသည်။

ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသည့်စခန်းများ၌ လူဦးရေးတိုးလာပြီး နေရာအကျပ်အတည်းဖြစ်လာသဖြင့် အစိုးရစစ်ဘေးရှောင်စခန်းများတွင် ခိုလှုံသူများလာခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောသည်။

“လူဦးရေက တဖြည်းဖြည်း အရမ်းများလာနေတယ်။ စာသင်ကျောင်းတွေမှာ နေတဲ့လူတွေကလည်း ကျောင်းဖွင့် ချိန်နီးလာတဲ့အတွက် ကျောင်းတွေကို ပြန်အပ်ရမယ်ဆိုတော့ သူတို့တွေအကုန်လုံးကို လက်ရှိစစ်ဘေးရှောင် စခန်းတွေမှာ နေရာပေးနိုင်ဖို့ဆိုတာ မလွယ်ဘူး။ ဒါကြောင့် လုံးဝမလွှဲသာ မရှောင်သာတဲ့အဆုံး အစိုးရစစ်ဘေး ရှောင်စခန်းမှာနေဖို့ ရွေးချယ်လိုက်ရတာ ဖြစ်ကြတယ်” ဟု ၎င်းကရှင်းပြသည်။

အစိုးရက ဆောက်လုပ်ပေးထားသည့် ဒုက္ခသည်စခန်းများမှာ စစ်ဘေးရှောင်များ၏ နေရပ်နှင့် အလှမ်းဝေးသဖြင့် လုပ်ကိုင်စားသောက်ရန် အဆင်မပြေဟုဆိုကာ ယခင်ကနေထိုင်ခြင်း မရှိခဲ့ပေ။

ပုဏ္ဏားကျွန်းမြို့နယ်တွင် အစိုးရဆောက်လုပ်ပေးထားသည့် ရေဖြူကန်ဒုက္ခသည်စခန်းကို ဧပြီလ ၉ ရက်နေ့က စတင်ကာ စစ်ဘေးရှောင်များနေထိုင်ရန် ပထမဆုံးရောက်ရှိလာခဲ့ကြသည်။

လက်ရှိ ရေဖြူကန်ဒုက္ခသည်စခန်းတွင် စစ်ဘေးရှောင်ဦးရေ ၅၀၀ ကျော် နေထိုင်လျက်ရှိကြောင်း စခန်းတာဝန်ခံ ဦးမောင်အေးရွှေထံမှ သိရသည်။

“ကျနော်တို့ စစ်ဘေးရှောင်တွေအတွက်တော့ ဆန်နဲ့ပဲရရုံနဲ့ အဆင်ပြေမှု၊ လုံလောက်မှုမရှိဘူး။ တခြားလိုအပ် တာတွေဝယ်ဖို့ကလည်း အလုပ်အကိုင်မရှိတော့ ငွေရေး၊ကြေးရေးအခက်အခဲရှိတယ်။ အစိုးရကခွင့်ပြုထားတဲ့ နေရာဆိုပေမဲ့ အစိုးရဆီကဘာတစ်ခုမှမရဘူး” ဟု ဦးမောင်အေးရွှေက ဆိုသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ အဆိုပါဒုက္ခသည်စခန်းတွင် လူတစ်ဦးလျှင်တစ်နေ့အတွက် ဆန်နို့စည်ဗူး ၂ ဗူးနှုန်းနှင့် ဆီ၊ဆား၊ပဲများကို မတ်လအတွင်းကတစ်ကြိမ် ၊ ဇွန်လအတွင်းကတစ်ကြိမ် ထောက်ပံ့ပေးခဲ့ကြောင်း စခန်းတာဝန်ခံကဆိုသည်။

“အရင်နေခဲ့တဲ့နေရာမှာက စားဝတ်နေရေးလည်း အဆင်မပြေဘူး။ နေရတဲ့နေရာကလည်း အရမ်းကျပ်တည်း တယ်။ ဒီစခန်းမှာဆိုရင် ဆန်၊ငါးခြောက်တွေရတယ်ဆိုလို့ ပြောင်းရွှေ့လာတာ။ အခုဆိုရင် ကိုယ့်အခန်းနဲ့ ကိုယ်နေရတော့ နေထိုင်ရတာအဆင်ပြေတယ်။ စားဝတ်နေရေးအတွက်ကတော့ အဖွဲ့အစည်းက ထောက်ပံ့တာလောက်ပဲ ကျနော်တို့ရတယ်။ အစိုးရက ထောက်ပံ့တာမရှိတော့ ကျနော်တို့မှာ စားဝတ်နေရေး လုံလောက်မှုမရှိဘူး”ဟု ရေဖြူကန် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံလျက်ရှိသည့် ကိုဌေးမောင်ဝင်းက ပြောသည်။

အစိုးရအဖွဲ့အနေဖြင့် စစ်ဘေးရှောင်စခန်းများ၌ ထပ်တိုးရောက်ရှိလာနေသည့် လူဦးရေစာရင်းများအား ပြန်လည်စီစစ်ကာ ယခင်ထောက်ပံ့ပေးခဲ့သည့်မူအတိုင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

“အခု အသစ်ရောက်လာတဲ့သူတွေက အကြောင်းကြားပြီးမှ လာနေကြတာလား။ ဘယ်လိုပုံစံနေကြတာလဲ ဆိုတာကို မသိရသေးဘူး။ အဲဒါတွေကို သေချာစီစစ်ပြီးတော့ အရင်တုန်းက စစ်ဘေးရှောင်စခန်းတွေမှာ ထောက်ပံ့ပေးခဲ့တဲ့ ပုံစံအတိုင်း ပေးသွားမှာပါ ” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေ ရသည့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခန့်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်း အရသိရသည်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...