ဖမ်းဆီးခံရသည့် ကျောက်ဖြူဒေသခံ ၄ ဦးထဲမှ ၂ ဦး ပြန်လွတ်လာ

ဖမ်းဆီးခံရသည့် ကျောက်ဖြူဒေသခံ ၄ ဦးထဲမှ ၂ ဦး ပြန်လွတ်လာ

ဝင်းညွန့်  — ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာနေသူ ၄ ဦးအား ဇူလိုင်လ ၇ ရက် နံနက် ၄ နာရီကျော် အချိန်က ဖမ်းဆီးသွားရာ ၂ ဦးမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ ကိုမောင်အေးလှိုင်၊ ကိုဝင်းနိုင်၊ ကိုဝင်းသိန်းအောင်နှင့် သူ၏အစ်ကိုဖြစ်သူတို့ဖြစ်ကြသည်။

၎င်းတို့လေးဦးကို ကျောက်ဖြူမြို့ရှိ တပ်ရင်း(၃၄)မှ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း မိသားစုထံမှသိရသည်။

ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ကိုဝင်းသိန်းအောင်နှင့် ၎င်း၏အစ်ကိုဖြစ်သူတို့မှာ ဇင်ချောင်း တိုက်နယ်ရှိ နယ်မြေရဲစခန်းမှ ပြန်လည်လွတ်မြောက်လာကြောင်း ဖမ်းဆီးခံထားသူ ကိုဝင်းနိုင်၏ အစ်ကိုဖြစ်သူ ကိုဆန်းဝင်းက DMG သို့ ပြောသည်။

“သူတို့နဲ့ အခုချိန်ထိအဆက်သွယ်မရသေးဘူး။ ကျွန်တော့်ညီဆိုင်က ဖုန်းတွေ၊ ကွန်ပျုတာတွေအကုန်လုံး ယူသွားတယ်။ အခုထိ အဆက်အသွယ်မရတော့ မိသားစုတွေက စိုးရိမ်နေကြတယ်”ဟု ကိုဆန်းဝင်းကဆိုသည်။

ဖမ်းဆီးခံရသူ ကိုဝင်းနိုင်မှာ ဇင်ချောင်းကျေးရွာတွင် ဖုန်းနှင့်ကွန်ပျုတာပစ္စည်း အရောင်းဆိုင် ဖွင့်လှစ်ထားသူ ဖြစ်ကာ ကိုမောင်အေးလှိုင်မှာမူ ဆိုင်ကယ်ကယ်ရီ မောင်းနေသူတစ်ဦးဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဇင်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးက “အဲဒီနေ့က ဖမ်းဖို့သွားတာမှာ ကျွန်တော်ပါတယ်။ ဝင်းနိုင် ဖုန်းဆိုင်ကို ဝင်ပြီးတော့ သူတို့စစ်ဆေးတယ်။ သူ့ဖုန်းကိုစစ်ဆေးတော့ AA နဲ့ဆက်စပ်မှုရှိတယ်ဆိုပြီးတော့ ဖမ်းတာလို့ပြောတယ်”ဟု ရှင်းပြသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ဇင်ချောင်းတိုက်နယ်ရှိ နယ်မြေရဲစခန်းသို့ DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းအဆက်အသွယ် မရရှိခဲ့ပေ။

ထို့ပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့အား DMG က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

အလားတူ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာနှင့် စိုင်ခြုံဒွိန်ကျေးရွာမှ ကျေးရွာသား ၈ ဦးကို ဇွန်လ ၂၆ ရက်နေ့က ဖမ်းဆီးခဲ့ကာ ဇူလိုင်လ ၄ ရက်နေ့တွင် ကျောက်ဖြူမြို့မရဲစခန်းသို့ လွှဲပြောင်ပေးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့်ထားသည်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...