စစ်ဆင်ရေးကြောင့် ဒါးလက်ချောင်းအတွင်းသွားလာနေသည့် ဟွန်ဒါစက်လှေ ၁၃၉ စီး သိမ်းဆည်းခံထားရဟုဆို

စစ်ဆင်ရေးကြောင့် ဒါးလက်ချောင်းအတွင်းသွားလာနေသည့် ဟွန်ဒါစက်လှေ ၁၃၉ စီး သိမ်းဆည်းခံထားရဟုဆို

အိမ်စိုးဖြူ — စစ်ဆင်ရေးပြုလုပ်ရန် ကြေညာထားသည့် အမ်းမြို့နယ် ၊ ဒါးလက်ချောင်းအတွင်း ဟွန်ဒါစက်လှေငယ်များ၏ သွားလာခွင့်ကို ပိတ်ပင်ထားပြီး ၎င်းလှေများကိုလည်း နေရာနှစ်ခုတွင် ဇွန်လ ၂၇ ရက်နေ့မှ စပြီး သိမ်းဆည်း အပ်နှံထားရသည်ဟု သတင်းရရှိသည်။

အပ်နှံထားသည့် လှေများမှာ ဒါးလက်အနောက်ရွာမှ ၄၂ စီး၊ ဒါးလက်အလယ်ကျွန်းရွာမှ ၂ စီး၊ ဒါးလက်အလယ် မြောက်ဘက် ကျေးရွာမှ ၃၅ စီး၊ ဒါးလက်တောင်ရွာမှ ၈ စီး၊ ဒါးလက်ရှမ်းကုန်းရွာမှ ၁၁ စီး၊ ဒါးလက်မင်္ဂလာဒုံရွာမှ ၁၅ စီးနှင့် ဒါးလက်နတ်မော်ရွာမှ ၂၆ စီး၊ စုစုပေါင်း ဟွန်ဒါစက်လှေ ၁၃၉ စီးတို့ဖြစ်ကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဒါးလက်အလယ်ကျွန်းကျေးရွာမှ အမည်မဖော်လိုသူ ရွာသားတစ်ဦးက “ လှေတွေလာအပ်ဖို့ တပ်က ပြောတယ်။ အလယ်ကျွန်း ရေဆိပ်နဲ့ အနောက်ရွာ ရှမ်းကုန်းရေဆိပ်တွေမှာ စက်လှေတွေ သွားအပ်ထားရတယ်။ စက်တွေကိုတော့ ကုန်းပေါ် တင်ထားရတယ်။ လှေနဲ့ သွားရင် သေနတ် ပစ်ခံရမှာ စိုးလို့ ရွာသားတွေလည်း သွားအပ်ထားကြတယ်။ ရေကြောင်းကို အားကိုးစားသောက်နေရတဲ့သူတွေတော့ အထူးအခက်အခဲ ဖြစ်နေကြတယ်။ ကျန်းမာရေးက အစ လှေမရှိတော့သွားလာလို့ မရဘူး။ တစ်ရွာနဲ့ တစ်ရွာ သွားလာလို့ မရဘူး။ ဒါးလက်ချောင်းကို အသုံးပြုပြီး နေထိုင်စားသောက်၊ သွားလာနေရတဲ့ ရွာတွေမှာ စက်လှေ မရှိတော့ အတော် အခက်အခဲဖြစ်နေပါတယ်” ဟု ၎င်းကပြောသည်။

ဒလက်ချောင်းတွင် စက်တပ်ဟွန်ဒါလှေများကို သွားလာခွင့်မပြုသဖြင့် ကျေးရွာပေါင်း ၂ဝ နီးပါးမှ ပြည်သူများမှာ ခရီးသွားလာရ ခက်ခဲလျက်ရှိပြီး စားဝတ်နေရလည်း အခက်အခဲဖြစ်နေကြောင်း ပြောဆိုသည်။

အမည်မဖော်လိုသူ ဒါးလက်အလယ်ကျွန်ကျေးရွာမှ အမျိုးသမီး တစ်ဦးက “လှေတွေမသွားရတော့ စားနပ် ရိက္ခာတွေ ကုန်ရင် ဘာနဲ့ သွားဝယ်ရမလဲ။ ငါးလည်း ရှာမစားရဘူး။ ဆန်လည်း ကုန်တော့မယ်။ လိုင်းဘုတ်နဲ့ ဆိုရင် သွားရပေမဲ့ ကိုယ့်အိမ်ကလှေနဲ့ဆို ပိုအဆင်ပြေတယ်။ ကိုယ်ဝန်ဆောင်တွေ၊ နေမကောင်းတဲ့လူတွေကိုတော့ အဲဒီ စစ်တပ်ကဆေးမှူးတွေဆီလာပြဖို့ပြောတယ်။ မသွားရဲကြဘူးကြောက်လို့။ ပီးရင် ဘာနဲ့သွားကြမလဲ လှေတွေမရှိဘဲနဲ” ဟု သူမက ပြောသည်။

ဒါးလက်ချောင်းကျေးရွာအုပ်စုတွင် ကျေးရွာလေးဆယ်ကျော်ရှိပြီး၊ ၎င်းကျေးရွာများမှ ဒေသခံ ၅ဝဝဝ နီးပါးခန့်မှာ နယ်မြေရှင်းလင်းရေးလုပ်မည်ဟု ၎င်းတပ်မမှ နုတ်မိန့်ပေးသဖြင့် စိုးရိမ် ထိတ်လန့်ပြီး နီးစပ်ရာ ကျေးရွာများနှင့် အမ်းမြို့ပေါ်ရှိ ဒုက္ခသည်စခန်းများကို ထွက်ပြေးခိုလှုံနေကြကြောင်း ၎င်းကဆက်ပြောသည်။

ဒါးလက်အုပ်စုထဲတွင် ကျေးရွာ ၄၈ ရွာရှိပြီး ၁၈ ရွာမှာ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက “လှေတွေ အသိမ်းခံထားရတာတော့ မသိသေးဘူး။ နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုပြီး အဲဒီက နယ်မြေခံတပ်မ ၆၆ က နုတ်မိန့်နဲ့ လာပြောတာတော့ဟုတ်ပါတယ်။ ဒေသခံတွေပြောပြချက်အရ သိရပါတယ်” ဟုပြောသည်။

အမ်းမြို့နယ်မှ လူမှုရေး ဆောင်ရွက်နေသူ ကိုမျိုးလွင်က “ ဒလက်ချောင်းမှာ အသွားအလာတွေ ပိတ်ထားတာတော့ ကြာပါပြီ။ ဒါကြောင့် ဒေသခံတွေ ရိက္ခာပြတ်လပ်နေကြပြီ။ ရိက္ခာ ပြတ်တဲ့ အတွက် အမ်း၊ ကမ်းထောင်ကြီးနဲ့ တစ်ခြားရွာတွေကို ထွက်ခွာသွားကြတာ ခြောက်ထောင်လောက်ရှိပြီး။ ဒေသခံတွေကို ထွက်သွားတာကိုတော့ ခွင့်ပြုတယ်။ ဒါပေမယ့် ရိက္ခာတွေ တင်လာတာတော့ တပ်က ခွင့်မပြုဘူး။ အခု အဲဒီမှာ ကျန်နေခဲ့တဲ့ လူတွေ တော်တော် စားရေးသောက်ရေး ပြဿနာ တက်နေတယ်” ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။

အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က “လုံခြုံရေးအခြေအနေအရတော့ တပ်က တားရင်တားမှာပေါ့။ ဒါပေမယ့်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ထောက်ခံချက်ပါရင် လွှတ်ပေးတယ်။ စက်လှေ သွားတာပဲချောင်းမှာ ပိတ်ထားတာပါ” ဟုပြောသည်။

၎င်းဒါးလက်ချောင်းကျေးရွာမှ နီးစပ်ရာကျေးရွာများနှင့် အမ်းမြို့တို့တွင် ထွက်ပြေးခိုလှုံနေရသူများမှာလည်း စားနပ်ရိက္ခာများ ပြတ်လပ်နေပြီဖြစ်ကြောင်း ဒေသခံများမှ သတင်းရရှိသည်။

တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...