ကျောက်တော်မြို့ ကုလားတန်မြစ်ကမ်းစပ်တွင် အမျိုးသားခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုတွေ့ရှိ

ကျောက်တော်မြို့ ကုလားတန်မြစ်ကမ်းစပ်တွင် အမျိုးသားခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုတွေ့ရှိ

နှင်းနွယ် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ကုလားတန်မြစ်ကစ္ဆပနဒီတံတားအနီးတွင် ဇူလိုင် ၇ ရက်နေ့ နံနက် (၈) နာရီ အချိန်ခန့်က အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကိုတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါအစိတ်အပိုင်းမှာ မျက်နှာနှင့်ခန္ဓာကိုယ်မပါဘဲ ခြေဖျားမှခါးအထိရှိသော ညာဘက်ပေါင်တစ်ချောင်း ဖြစ်ကြောင်း သွားရောက်ကြည့်ရှုခဲ့သည့် ကျောက်တော်ဒေသခံ ကိုထွန်းခင်က ပြောဆိုသည်။

ယင်းခန္ဓာကိုယ်အစိတ်အပိုင်းမှာ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှ အသက် (၃၁)နှစ်အရွယ် ဦးကျော်လှိုင်၏ ကိုယ်အစိတ်အပိုင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောဆိုကြသည်။

ဦးကျော်လှိုင်ဆိုသူမှာ ပုလင်းခွံများကောက်သည့် အလုပ်ကိုလုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ ဇူလိုင် ၂ ရက်နေ့က ဘီယာပုလင်းခွံများကောက်ရန် နေအိမ်မှထွက်သွားစဉ် တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်စုချေက DMG ကို အတည်ပြုပြောသည်။

“သူအဖမ်းခံရမယ့်နေ့က မောင်လေးဆီကပေးထားတဲ့ ဘောင်းဘီကိုဝတ်သွားတာ။ ခြေထောက်မှာလည်း ကြွက်တက်တတ်လို့ဆိုပြီး သားရေကွင်းစည်းထားတယ်။ အခုတွေ့တဲ့ အမျိုးသားပေါင်မှာ ဝတ်ထားတာကလည်း ကျမယောက်ျား ဝတ်သွားတဲ့ဘောင်းဘီနဲ့တူရုံတင်မကဘူး။ ညာဘက်ခြေသလုံးမှာလည်း သရေကွင်းစည်းလို့ ပါတဲ့အတွက် ကျမယောကျ်ားဆိုတာကို အတည်ပြုပြောနိုင်တယ်” ဟု ဒေါ်စုချေကဆိုသည်။

ဦးကျော်လှိုင်အား တပ်မတော်သားများက ကျောက်တော်၊ မြို့မရွှေကျောင်းဓမ္မာရုံတွင် ဖမ်းဆီးချည်နှောင် ထားသည်ကို အဖမ်းခံရသည့်နေ့က မြင်တွေ့ခဲ့ရသော်လည်း နောက်တစ်နေ့တွင် မတွေ့ရတော့ကြောင်း ဇနီးသည်က ဆက်၍ဆိုသည်။

“ကျမယောကျ်ားကို ဘာမှအပြစ်မရှိဘဲ ဖမ်းဆီးသွားတာကိုရင်နာလို့မဆုံးဘူး။ တပ်မတော်က ဖမ်းထားတာကို ကျမသိလို့သွားကြည့်တော့ မရှိတော့ဘူး။ ဘာမှအဖြစ်မရှိဘဲ အသတ်ခံရတဲ့အတွက် ဒေါသလည်းထွက်မိတယ်” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်၌ ဦးကျော်လှိုင်၏ ခန္ဓာကိုယ်မှ ကျန်နေသည့် အစိတ်အပိုင်းများကို မတွေ့ရှိသေးပေ။

“ကျနော်တို့ ဒေသခံတွေအနေနဲ့တော့ ရှေ့တန်းစစ်မြေပြင်ရောက်နေသလို ခံစားရတယ်။ ကိုယ့်အသက်ကိုတောင် လုံခြုံမှုမရှိဘူးလို့ခံစားရတယ်။ နောက်ထပ်ဒေသခံတွေ ဒီလိုအဖြစ်မျိုးကြုံလာမှာကိုစိုးရိမ်နေတယ် ” ဟု ကျောက်တော်မြို့ခံ ကိုထွန်းခင်ကဆိုသည်။

ဦးကျော်လှိုင်အား တပ်မတော်သားများက ဖမ်းဆီးခဲ့ကြောင်း မိသားစုဝင်များ ပြောဆိုချက်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ် ထွန်းထွန်းညီ တို့အား DMG က တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...