ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွား

ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွား

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ နေအိမ်တစ်လုံးကို ဇူလိုင်လ ၅ ရက်နေ့က ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓားပြတိုက်ခံခဲ့ရသည့်နေအိမ်မှာ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက် (ဈေးချေ)ရှိ ဦးကျော်နိုင်ထွန်းနှင့် ဒေါ်သန်းနုအေးတို့၏ နှစ်ထပ် ပျဉ်စီပျဉ်ထောင်အမျိုးအစားနေအိမ်ဖြစ်သည်။

ဇူလိုင်လ ၅ ရက်နေ့ ညဉ့် ၁ နာရီအချိန်တွင် ဒေါ်သန်းနုအေးနှင့် (၈)နှစ်အရွယ်သားဖြစ်သူတို့ အိပ်နေချိန် မျက်နှာဖုံးစွပ်ထားသည့်အမည်မသိလူနှစ်ဦးက ခြံတံခါးကို ဖျက်၍အိမ်ပေါ်တက်ကာ ရွှေငွေ လက်ဝတ်လက်စားများကို ဓားထောက် ယူဆောင်သွားခြင်းဖြစ်သည်ဟု ဒေါ်သန်းနုအေး၏ အမျိုးသားဖြစ်သူ ဦးကျော်နိုင်ထွန်းက နိရဉ္စရာကို ပြောသည်။

"ကျနော်က အဲဒီအချိန် မရှိဘူး။ ကုမ္ပဏီမှာ အလုပ်လုပ်ရတာဆိုတော့ လုပ်ငန်းရှိတဲ့အချိန်ဆို ပြန်မလာဘူး။ လုပ်ငန်းမရှိမှ ပြန်လာတယ်။ ဖြစ်တဲ့အချိန်က ကျနော့်အမျိုးသမီးနဲ့ ကလေးကို ခြင်ထောင်နဲ့ချုပ်ပြီး ကုတင်တွေပေါ်မှာ ဓားတင်ထားတယ်တဲ့။ ကျနော့်အမျိုးသမီးက နားကပ်ကလေးတစ်ရံချွတ်ပေးတာကို ဒါနဲ့ မရဘူး။ ရှိတာအကုန် ပေးဆိုပြီး တောင်းတယ်တဲ့။ မပေးရင်သတ်ပစ်မယ်။ အော်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်လုယူသွားတာလို့ ပြောပါတယ်။"ဟု သူက ပြောသည်။

ဓားပြတိုက်ခံရမှုကြောင့် နားကပ်တစ်ရံအပါအဝင် တစ်ကျပ်သား လက်ကောက် (၃)ကွင်း၊ တစ်ကျပ်သားကျော်ရှိ ဆွဲကြိုး (၁)ပင်၊ တစ်မတ်သား လက်စွပ် (၂)ကွင်းနှင့် ငါးမူးသား လက်စွပ် (၁)ကွင်းတို့ လုယူခံခဲ့ရသည်ဟု သိရသည်။

ယခုဖြစ်စဉ်မှာ ဟုတ်မှန်သည်ဟု အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်စိန်လှက နိရဉ္စရာကို အတည်ပြုသည်။

"အိမ်ထဲကိုဝင်ပြီးတော့ လုသွားတာပါ။ ညဉ့်အချိန်ဖြစ်တာ မှန်ပါတယ်။ ကျနော့်ဆီကိုတော့ မနေ့က မနက် ၁၁ နာရီလောက်မှာ တိုင်လာပါတယ်။"ဟု သူက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ တရားဥပဒေစိုးမိုးမှုမရှိဖြစ်နေ၍ဟုဆိုကာ ယခုဖြစ်စဉ်ကို ရဲတပ်ဖွဲ့ထံ တိုင်ကြားလိုစိတ်မရှိဟုလည်း ဓားပြတိုက်ခံရသူ ဒေါ်သန်းနုအေး၏အမျိုးသား ဦးကျော်နိုင်ထွန်းက ပြောသည်။

"တိုင်ရင်လည်း ဥပဒေစိုးမိုးမှုက သိပ်မရှိတော့ဘူး မြင်နေလို့လေ။ ခေတ်ကာလက မကောင်းတော့ မတိုင်ရဲဘူးဖြစ်နေတယ်။ ပြန်ပြီး ခြိမ်းခြောက်မှာကိုကြောက်ရတယ်လေ"ဟု သူက ဆိုသည်။

ဦးကျော်နိုင်ထွန်းသည် ဘတ်ဟိုးမောင်းပြီး သူ၏အမျိုးသမီးဒေါ်သန်းနုအေးသည် ဗိုက်ခွဲထား၍ မည်သည့်အလုပ်မှမလုပ်တော့ဟု သိရသည်။

တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...