ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း ကထီးလှကျေးရွာအနီးမှ သေနတ်ပစ်ခတ်သံများကြားရ၍ ဒေသခံများစိုးရိမ်

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း ကထီးလှကျေးရွာအနီးမှ သေနတ်ပစ်ခတ်သံများကြားရ၍ ဒေသခံများစိုးရိမ်

ခိုင်လူလှ — ၂ဝ၁၉ ခုနှစ်ဇန်နဝါရီ ၄ ရက်နေ့က ရဲစခန်း ၄ ခု တိုက်ခိုက်ခံရသည့် အထဲတွင် ပါဝင်သည့် ဘူးသီးတောင်မြို့နယ်၊ ကထီးလှ ကျေးရွာအရှေ့ဘက် ဦးပေကျော်လမ်းမှ ဇူလိုင်လ ၅ ရက်နံနက်ပိုင်းက သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာသဖြင့် ကျေးရွာသားများ စိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောသည်။

ကထီးလှကျေးရွာမှ လူကြီးတစ်ဦးဖြစ်သူ ခမီးအမျိုးသား ဦးကြာဇံအောင်က “ ဟုတ်တော့ ဟုတ်တယ်။ သေနတ်ပစ်သံတွေကို ၁ဝ မိနစ်၊ ၁၅ မိနစ်လောက်တော့ ကြားတယ်။ ဘာဖြစ်တယ်ဆိုတာ အတိအကျ ပြောလို့ မရသေးဘူး။ အေအေနဲ့ ဖြစ်ကြတာလို့လည်းပြောတယ်။ တစ်ချို့က မဟုတ်ဘူးလို့ ပြောတယ်။ မနေ့က နံနက် ၁ဝ နာရီခန့်မှာ ဖြစ်ကြတယ်။ ကျွန်းပေါက်၊ ပန်းဖဲချောင်းကြား ဦးပေ ကျော်လမ်းဘက်က ကြားတယ်။ ကျနော်တို့ရွာနဲ့ သိပ်မဝေးဘူး” ဟု ပြောသည်။

သေနတ်ပစ်ခတ်သံများထွက်ပေါ်လာသော နေရာမှာ ကထီးလှရွာမှ တောင်တစ်လုံးသာခြားပြီး ဦးပေခမီးရွာ အနီးတွင် ဖြစ်ကြောင်း၊ သေနတ်သံများထွက်ပေါ်သည့်နေရာကို ဦးပေကျော်လမ်းဟု ခေါ်ကြောင်း ၎င်းက ပြောဆိုသည်။

“ ကျွန်တော်တို့ဆီမှာက ဟိုနှစ် ရဲစခန်းတွေ အတိုက်ခံရပြီးကတည်းက တိုက်ပွဲဖြစ်တာ မရှိတော့ပါ။ အခု စပြီး သေနတ်သံ ပြန်ကြားရတော့ လူတွေက စိုးရိမ်နေကြပါတယ်။ ရွာပြင်ကိုတော့ မထွက်ဘူး။ ကိုယ့်အိမ်ထဲမှာ ကိုယ်နေကြပါတယ်” ဟု ပြောကြားသည်။

အနီးအနားရှိ အိမ်ခြေ ၄ဝ ခန့်ရှိသည့် ပန်းဖဲချောင်းရွာသို့ ဆက်သွယ်ရာ ရွာသားတစ်ဦးက သေနတ် ပစ်သံများကို ကြားရကြောင်း၊ မိုးကြီးနေသဖြင့် တစ်ချက် တစ်ချက် ပစ်သံများကို ကြားရကြောင်း၊ တိုက်ပွဲဖြစ်သည်ဟု ပြောကြကြောင်း၊ သေနတ်သံများကြားရသော်လည်း ရွာက လူများမှာ တစ်ခြားနေရာသို့ ထွက်ပြေးကြခြင်း မရှိကြောင်း ပြောကြားသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ မနေ့က ကထီးလှ၊ ကျွန်းပေါက်နဲ့ ပန်းဖဲချောင်းရွာတွေကြားမှာ မိုင်းပေါက်သံလိုလို ကြားတယ်။ ပစ်သံခတ်သံတွေကြားတယ်ဆိုပြီး ရွာသားတွေ အကြောင်းကြားပါတယ်။ ရွာသားတွေ ထွက်ပြေးရတာတွေတော့ မကြားမိပါဘူး။ အသေးစိတ်ဘာတွေ ဖြစ်ခဲ့သလဲဆိုတာတော့ စုံစမ်းနေပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းရှိ ကျောင်းတောင်၊ ကထီးလှ၊ ဂုတ်ပီနှင့် ငမြင်းဘော် စခန်း ၄ ခုကို AA မှ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်သား ၉ ဦး ကျဆုံးပြီး ၁၃ ဦးထက် မနည်းဖမ်းဆီးခံခဲ့ရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...