COVID-19 ကြောင့် ပါတီ စည်းရုံးရေးများ ခက်ခဲနိုင်ဟု KSPP ပြော

COVID-19 ကြောင့် ပါတီ စည်းရုံးရေးများ ခက်ခဲနိုင်ဟု KSPP ပြော

COVID- 19 ကာလ သွားလာရေး အခက်အခဲများကြောင့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် ပါတီများအတွက် ထိခိုက်နစ်နာမှုမျိုးကို ဖြစ်ပေါ်စေနိုင်သည်ဟု KSPP ပါတီက ပြောသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ ၂ ဦးကွမ်ဂေါင်အောင်ခမ်းက  “COVID ကာလ ညွှန်ကြားချက်  တွေလည်းရှိတယ်။ ခရီးသွားဖို့ လာဖို့က အခက်အခဲတွေလည်းရှိတာပေါ့။ ကျနော်တို့ ပါတီကြီးပဲ မဟုတ်ပါဘူး။ အတိုက်အခံပါတီတွေ အကုန်လုံး အခုအစိုးရ မဟုတ်တဲ့ ပါတီတွေ အကုန်လုံး အတိုင်းအတာတစ်ခု အနေနဲ့တော့ ထိခိုက်ပါလိမ့်မယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC မှ နိုဝင်ဘာလ ၈ ရက်နေ့တွင်  ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားပြီး  ပါတီများအနေဖြင့်လည်း ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

COVID- 19 ကာလဖြစ်သည့်အတွက် လူ ၅ ယောက်ထက် ပိုမစုရဆိုသည့် အစိုးရ၏ ထုတ်ပြန်ချက်လည်း ရှိနေသည့်အတွက် ပါတီများ အနေဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်နိုင်သည်ဟု  ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် UEC ၏ ပြောဆိုမှု အပေါ် KSPP ပါတီ ဒု-ဥက္ကဋ္ဌ - ၁ ဒေါ်ဒွဲဘူက ယခုလိုပြောသည်။

“အခုက လူ ၅ ယောက်ပိုမစုရဘူးဆိုတော့ ပြောထားတယ်ပေါ့နော။ လူ ၅ ယောက် ထက်ပိုမစုရ ဆိုတာ က နောက်ထပ်လည်း ကျမတို့ ဇူလိုင် ၁၅ ထိတိုးထားတဲ့အခါကျတော့ အခု ရွေးကောက်ပွဲ ကော်မရှင် က လည်း ပါတီတွေ စည်းရုံးလို့ ရပြီ ဆိုတဲ့အပိုင်းဆိုတဲ့အခါကျတော့ တစ်ခုနဲ့ တစ်ခု နည်းနည်းတော့ ကျမတို့ လည်း နားမလည်နိုင်တာလေးတွေတော့ ရှိနေတယ်ပေါ့နော။ အဲတော့ ပါတီတွေ စည်းရုံးလို့ ရပြီဆိုတဲ့အခါ ဘာတွေကို ပြောချင်တာလဲ လူ ၅ ယောက်ထက်ပိုမစုရဘူးဆိုတာက ကျမတို့ အစည်းအဝေးလုပ်ဖို့က ခက် ခဲနေတာပေါ့နော်။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC မှ မဲဆွယ်စည်းရုံးနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်အပြီး ဇူလိုင်လ ၂ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ UEC ၏ ထုတ်ပြန်ချက်အမှတ် (၁၁၇/ ၂၀၂၀) အရ NLD ပါတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒု-ဥက္ကဋ္ဌ ၁ သမ္မတ ဦးဝင်းမြင့်တို့မှ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို စတင်လုပ်ဆောင်မည်ဟု NLD က ထုတ်ပြန်ခဲ့ သည်။

ထိုအနေအထားများအရ COVID- 19 ကာလတွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကြီးသည် လွတ် လပ်ပြီး တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲကြီး ဖြစ်လာမည်ကို တိုင်းရင်းသားပါတီများက စိုးရိမ်နေကြ သည်ဟု ဆိုသည်။

ဦးကွမ်ဂေါင်အောင်ခမ်းက “ဒါကြောင့် ဒီဟာတွေလည်း အကုန်လုံး ခြုံငုံပြီးတော့မှ လွတ်လွတ်လပ်လပ် တရား မျှတတဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်စေချင်တယ်။ ဒါမှလည်း တရားမျှတဲ့ ပုံစံမျိုးနဲ့ မဲပေးဖို့လိုတယ်။ အခင်းအကျင်းတွေကိုလည်း ဖန်တီးဖို့လိုတယ်ဆိုတဲ့ဟာကို ပြောပြလိုပါတယ်” ဟု ပြောသည်။

တစ်ဖက်တွင်လည်း လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေသည့် တိုင်းရင်းသား ဒေသများတွင် တိုက်ပွဲများ ဖြစ် ပွားနေသောကြောင့် ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက အဆိုပါဒေသရှိ ပြည်သူများအတွက် ဆုံးရှုံးနစ် နာ မှုများကို ဖြစ်စေသည့်အတွက် ရွေးကောက်ပွဲကာလတွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကို သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများမှ ရပ်တန့်ပေးရန် လိုသည်ဟု KSPP ပါတီက ဆိုသည်။

ဒေါ်ဒွဲဘူက “ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေရင်တော့ ကျမတို့ ရွေးကောက်ပွဲ လုပ်ဖို့လည်း အခက်အခဲရှိပါ တယ်။ အဲတော့ တစ်ချို့နေရာတွေကတော့ ပစ်ခတ်တိုက်ခိုက်မှု မရှိပေမယ့် မငြိမ်းချမ်းတဲ့ ဧရိယာ ရှိတယ်  ပေါ့နော်။ တိုင်းရင်းသား လက်နက်ကိုင် တွေရှိတဲ့ ဧရိယာဖက်တွေမှာလည်းပဲ မဲပုံးမထောင်နိုင်ဘူးဆိုရင် ကျမတို့ ပြည်သူတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနိုင်တယ်ပေါ့နော။ အဲလိုမျိုး ဆုံးရှုံးနိုင်တဲ့ အနေအထားတွေ ရှိတယ်” ဟု ပြောသည်။

နှစ်ပေါင်းများစွာ စစ်တပ်က အုပ်ချုပ်လာခဲ့ရာမှ မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပခဲ့ရာ ယခု ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲသည် တတိယ အကြိမ်မြောက်ဖြစ်သည်။

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ် ရွေး  ကောက် ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ပါတီက အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနိုင်ရခဲ့သည်။

Most read this week

December 16, 2025
စစ်ကော်မရှင်က ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဘဲ စစ်အာဏာ...
December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...