စစ်အုပ်စုက ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်တပ်က အင်အား ရာချီ ထပ်မံဖြည့်တင်းထားပြီး မွတ်ဆလင် ကျေးရွာများမှ လူငယ်များကိုပါ စစ်မှုထမ်းရန် စစ်တပ်က အတင်းအဓမ္မ ဖိအားပေး ညွှန်ကြားထားကြောင်း ဒေသခံ စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။
စစ်တွေမြို့ရှိ စစ်အုပ်စုတပ် စခန်းများနှင့် ရှေ့တန်းတပ်ရင်းများသို့ ရေကြောင်းမှတစ်ဆင့် စစ်အင်အား ၈၀၀ ခန့် ပို့ဆောင်ခဲ့ပြီး မြို့အခြေစိုက် ခမရ (၃၅၄)၊ ခလရ (၃၄၄) နှင့် ခလရ (၂၃၂) တပ်ရင်းများတွင် အင်အားများ ဖြန့်ခွဲ ထားသည်။
စစ်တွေ့ ဒေသခံတစ်ဦးက “အခု စစ်အင်အား တစ်ထောင်နီးပါးစစ်တွေကိုရောက်တယ် ရန်ကုန်မြို့ကနေ စစ် သင်္ဘော၊ ကုန်တင်သင်္ဘောတွေနဲ့ လက်နက်ခဲယမ်းနဲ့အတူ ပို့ထားတာပါ။ စစ်တွေ ဒေသခံတွေ အကုန်မြင်တွေ့ နေရတာပဲ။ တမြို့လုံး စစ်သားတွေပဲ မြင်ရတယ်” ဟု ပြောသည်။
ထို့ပြင် စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်နှင့် ဆက်စပ်နေသော မွတ်ဆလင် ရပ်ကွက် ၅ ခုမှ လူငယ်များကို ပြည်သူ့စစ် စစ်သင်တန်းတက်ရောက်ရန် အိမ်ထောင်စုတစ်စုလျှင် တစ်ဦးနှုန်းဖြင့် အတင်းအဓမ္မ ခေါ်ဆောင် လျက်ရှိသည်။
စစ်တွေ ဒေသခံ စစ်ရေး သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “စစ်တွေမြို့ပြင်က မွတ်ဆလင်ရွာတွေက စစ်မှုထမ်းတပ်သားတွေပေးနေရပါပြီ။ တချို့ထွက်ပြေးနေကြတယ်။ ညဘက် ဝင်ဖမ်းတာတွေရှိတယ်။ အောင် မင်္ဂလာ ရက်ကွက်နဲ့ ရက်ကွက် ၅ ခုကလည်း တစ်လကို မွတ်ဆလင် ၂၀ ပေးရမယ်လို့သိထားတယ်” ဟု ပြော သည်။
မွတ်ဆလင် စစ်မှုထမ်းများ ခေါ်ယူသည့် အစီအစဉ်ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က ရခိုင်ပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှူးနှင့် မွတ်ဆလင် ရပ်ကွက်လူကြီး ၂၂ ဦးတို့ အစည်း အဝေးပြုလုပ်၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
လက်ရှိတွင် အောင်မင်္ဂလာရပ်ကွက် အပြင် သဲချောင်း၊ ဘုမေ၊ သက္ကယ်ပြင် စသည့် မွတ်ဆလင် ကျေးရွာများ တွင်လည်း ဒကစ ပြည်သူ့စစ်တာဝန်ခံ၏ လက်မှတ်ဖြင့် စစ်မှုထမ်း ဆင့်ခေါ်စာများ ထုတ်ပြန်ထားသည်။
စစ်အုပ်စုတပ်သည် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် မွတ်ဆလင် လူငယ်များကို စစ်မှုထမ်းသင်တန်း ဆက် တိုက်ခေါ်ယူနေခြင်းဖြစ်ပြီး သင်တန်းသားများအတွက် လစဉ်ကြေးများကိုလည်း အတင်းအဓမ္မ ကောက်ခံလျက် ရှိသည်ဟု ဆိုသည်။
စစ်အုပ်စုတပ်သည် စစ်မှုထမ်းဥပဒေ စတင်အတည်ပြုသည့် ၂၀၂၄ ခုနှစ်မှစ၍ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်များ ကို ရန်ဖန်ရံခါ ခေါ်ယူခဲ့ပြီး ယခင်ကလည်း ရပ်ကွက်တစ်ခုလျှင် လူ ၃၀ အထိ ခေါ်ယူခဲ့ဖူးသည်။
ထို့ပြင် ပါဒလိတ်တပ်ရင်း၊ ဒကစ အနီးရှိ နာရီကန်တပ်ရင်းနှင့် ရေချမ်းပြင်အနီးရှိ တပ်ရင်းများသို့ စစ်ကားများ ဖြင့် အင်အားများ ပို့ဆောင်ဖြန့်ကြက်ထားသည့်အပြင် ရွှေမင်းဂံ ရေတပ်အနီးတွင်လည်း စစ်ရေယာဉ် အများ အပြား နေရာချထားသည်။
လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်အုပ်စုတပ်၏ စစ်ရေယာဉ်များမှ လက်နက်ကြီး များ ပစ်ခတ်မှုရှိနေသည်ဟု စစ်တွေဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီးသို့ အာရက္ခတပ်တော် (AA) က ချဉ်း ကပ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် စစ်အုပ်စုတပ်ဘက်က အင်အား အလုံးအရင်း ထပ်မံ ဖြည့်တင်းလာခြင်း ဖြစ်သဖြင့် နှစ်ဖက် စစ်ရေးအခြေအနေ ပိုမို တင်းမာလျက်ရှိသည်။
ဓာတ်ပုံ - Crd







