ဩရမရွာသို့ ခိုလှုံလာသူများအတွက် အထောက်အပံ့လိုအပ်နေ

ဩရမရွာသို့ ခိုလှုံလာသူများအတွက် အထောက်အပံ့လိုအပ်နေ

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊သြရမကျေးရွာသို့ ထွက်ပြေးရောက်ရှိလာကြသည့် စစ်ပြေးရှောင် လူပေါင်း ၂ဝဝ ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာအထောက်အပံ့များ လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများက နိရဉ္စရာ သတင်းဌာနသို့ ဖုန်းဆက် ပြောကြားသည်။

ကျောက်တန်းနယ်မြေအား စစ်ဆင်ရေးလုပ်မည့် သတင်းထွက်ပေါ်လာပြီးနောက် ရသေ့တောင်မြို့နယ်၊ လိုင်ဂွင်၊ နွားတင်ကုတ်၊ ကျောက်တန်းနှင့် အောင်သာစည် စသည့် ကျေးရွာတို့မှ ရွာသား ၂ဝဝ ကျော်သည် ပုဏ္ဏားကျွန်းမြို့နယ်၊ သြရမကျေးရွာသို့ ထွက်ပြေး ခိုလှုံလာကြဟု ၎င်းစစ်ဘေးရှောင်များကို တာဝန်ယူ စောင့်ရှောက်ပေးနေသည့် ဦးစောသန်းက ပြောသည်။

“ ကျနော်တို့ရွာဟာလည်း အိမ်ခြေ ၂ဝဝ ကျော်ကျော်လောက်ဘဲရှိတဲ့ ရွာငယ်တစ်ရွာဖြစ်တယ်။ အဲဒါနဲ့ ဒီလူဦးရေ ၂ဝဝ ကျော်ကို ကျနော်တို့ အနေနဲ့ ထိန်းသိမ်းနိုင်ဖို့အတွက်လည်း တော်တော့ကို အခက်အခဲ ရှိတယ်။ နောက်ပြီး ကျနော်တို့ဒေသဟာလည်း လယ်ယာတွေ လုပ်စားတဲ့ ဒေသလည်း မဟုတ်ဘူး။ သစ်၊ ဝါးတွေ ခုတ်ပြီး စားနေရတဲ့ ဒေသဆိုတော့ ဒီလောက်လူဦးရေကို ကျနော်တို့ ထိန်းသိမ်းရဖို့ဆိုတာကလည်း ဘယ်လိုမှ အဆင်မပြေဖြစ်နေတယ် ” ဟု ပြောသည်။

ပိုးရီပြင် မဟာမိတ်အဖွဲ့ကလွှဲပြီး အလှူရှင်များအနေဖြင့် လာရောက်လှူဒါန်းမှုမရှိသေးသဖြင့် ၎င်းတို့၏ စားရေး၊ သောက်ရေးအတွက် ရပ်ရွာမှ စီစဉ်ဆောင်ရွက်နေရကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က “ အဲဒါတွေကိုတော့ ကျနော်တို့ကလည်း အစိုးရအဖွဲ့ကို တင်ပြဖို့အတွက် ပြောရမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့ကို ကျေးရွာအုပ်ချုပ်ရေးမှူးကတဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးကနေ တင်ပြရမှာဖြစ်ပါတယ်” ဟု ပြောသည်။

ဇွန်လ ၂၄ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ကျောက်တန်း ကျေးရွာနှင့် ဝန်းကျင်တစ်ဝိုက်ရှိ ကျေးရွာများကို နယ်မြေရှင်းလင်းခြင်းဆောင်ရွက်သွားမည်ဟု စာထုတ် ပြန်ပြီးနောက် ၎င်းရွာသားများ ကြောက်လန့် ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ၎င်းစာအား ဇွန်လ ၂၆ ရက်နေ့ကတည်းက ပြန်လည် ရုပ်သိမ်းခဲ့သော်လည်း အဆိုပါ ကျေးရွာများအနီးရှိ အောင်သာစည်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် အိမ်မပြန်ကြဘဲ ပုဏ္ဏားကျွန်းမြို့နယ် သြရမ ကျေးရွာတွင် ခိုလှုံနေကြသည်ဟု သိရသည်။

April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...