ရွာသားများထွက်ပြေးနေချိန် ရသေ့တောင် ခြေရာတော်ကျေးရွာမှ နေအိမ် ၃၀ ကျော် ဖောက်ထွင်းခံရ

ရွာသားများထွက်ပြေးနေချိန် ရသေ့တောင် ခြေရာတော်ကျေးရွာမှ နေအိမ် ၃၀ ကျော် ဖောက်ထွင်းခံရ

နှင်းနွယ် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်းရှိ ခြေရာတော်ကျေးရွာမှ ရွာသားများထွက်ပြေးတိမ်းရှောင်နေကြစဉ် နေအိမ်(၃၁)ဆောင် ဖောက်ထွင်းခံခဲ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

ဇွန်လ ၃၀ ရက်နေ့က ခြေရာတော်ကျေးရွာအနီးဝန်းကျင်ရှိ ကျေးရွာများသို့ တပ်မတော်စစ်ကြောင်းမှ ဝင်ရောက် ခဲ့ပြီးနောက် ပစ်ခတ်သံများကြားရသဖြင့် ခြေရာတော်ကျေးရွာသားများမှာ ရွာကိုစွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းရွာသားများကဆိုသည်။

ယင်းသို့ ကျေးရွာသားများမရှိချိန် ဇွန်လ ၂ ရက်နေ့ ညနေပိုင်းအချိန်၌ တပ်မတော်စစ်ကြောင်းမှ ခြေတော်ရာ ကျေးရွာသို့ဝင်ရောက်ပြီး နေအိမ်များနှင့် ဈေးဆိုင်ခန်းတို့မှ ကုန်ပစ္စည်းများကို ယူဆောင်သွားခဲ့သည်ဟု ဆိုင်ခန်းဖောက်ထွင်းခံရသည့် ဒေါ်ဆန်းဆန်းဦးက ပြောသည်။

“သူတို့က(တပ်မတော်) တန်ဖိုးရှိတာရော၊ မရှိတာရော တွေ့သမျှပစ္စည်း အကုန်ယူသွားတာ။ လူဆိုတဲ့အမျိုးက ကိုယ့်အိမ်က ဓားတစ်ချောင်းပျောက်ရင်တောင် နှမြောတတ်ကြတယ်။ အခုလို ရှိသမျှဟာတွေ အကုန်ဖောက်ယူ ခံရတော့ ဘာလုပ်ရမှန်း၊ ဘာပြောရမှန်းလည်း မသိတော့ဘူး” ဟု ၎င်းကဆိုသည်။

ဒေါ်ဆန်းဆန်းဦး၏ဆိုင်မှ အဝတ်အထည်များနှင့် စားကုန်ပစ္စည်းများ ပါသွားခဲ့ကြောင်း ၎င်းကဆက်၍ ရှင်းပြသည်။

အလားတူ ဒေါ်စံအေးနု၏နေအိမ်မှ ရွှေနားကပ်တစ်ရံ၊ စားသုံးရန်အသင့်ဝယ်ယူထားသည့် ပစ္စည်းများနှင့် စောင် လေးထည်တို့ကို ယူဆောင်သွားသည့်အပြင် သေတ္တာ (၆)လုံးကိုလည်း ဓါးဖြင့်ခုတ်သွားခဲ့သည်ဟု ဆိုသည်။

“သူတို့က ပစ္စည်းတွေကို ယူသွားရုံတင်မကဘူး အိမ်မှာရှိတဲ့ သူတို့ယူသွားလို့မရတဲ့ပစ္စည်းတွေဆိုရင် အကုန် ဖျက်ဆီးသွားတယ်။ သူတို့ဖျက်ဆီးသွားတဲ့ ပစ္စည်းတွေက တစ်ခြားလူတွေအတွက်တော့ တန်ဖိုးမကြီးပေမယ့် ကျမတို့လို မရှိဆင်းရဲတဲ့သူတွေအတွက်တော့ အဖိုးတန်ပါတယ်” ဟု ဒေါ်စံအေးနုက ပြောသည်။

ခြေရာတော်ကျေးရွာသည် အိမ်ခြေ ၄၀ ကျော်ရှိပြီး တပ်မတော်စစ်ကြောင်းမှ ရွာအတွင်းသို့ ဝင်ရောက်လာချိန် တွင် ရွာသားများတိမ်းရှောင်လျက်ရှိကြောင်း၊ ရွာအတွင်းကျန်ခဲ့သူတစ်ဦးကိုလည်း တပ်မတော်သားများမှ ဖမ်းဆီးကာ ရွာမှထွက်သွားချိန်မှ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများကပြောဆိုကြသည်။

တပ်မတော်သားများမှ နေအိမ်များကို ဖောက်ထွင်းခဲ့သည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့အား ဆက်သွယ်မေးမြန်းရန် DMG က ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ပြည်သူတို့၏ အသက်၊အိုးအိမ် လုံခြုံရေးအတွက်အစိုးရတွင်တာဝန်ရှိပြီး ဥပဒေချိုးဖောက်သူများကိုလည်း အရေးယူဆောင်ရွက်သင့်ကြောင်း ရသေ့တောင်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“ဥပဒေမှာ အစိုးရက ပြည်သူတွေကို စောင့်ရှောက်ရမယ်လို့ ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဒီပြစ်မှု တွေကို ဘယ်သူကကျူးလွန်သလဲဆိုတာကို စုံစမ်းစစ်ဆေးသင့်တယ်။ တကယ်လို့ အစိုးရအဖွဲ့အစည်းက လုပ်တာဆိုရင် အစိုးရကပြည်သူတွေကို လျော်ကြေးပေးရမယ်”ဟု ၎င်းကဆိုသည်။

သတင်းမီဒီယာများနှင့် ကျေးရွာသားများ၏ ဖော်ပြပြောဆိုချက်များအရ ရခိုင်ပြည်နယ်တွင် တိုက်ပွဲဧရိယာ အတွင်းမှကျေးရွာများ၌ ရွာသားများစစ်ဘေးရှောင်တိမ်းနေစဉ် နေအိမ်များ၊ ဆိုင်ခန်းများဖောက်ထွင်းခံရသည့် ဖြစ်စဉ်များမှာ ၈ ကြိမ်ထက်မနည်းရှိမည်ဖြစ်ကြောင်း သိရသည်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...