ကျောက်ဖြူတွင် တပ်မတော်က AA ဟုဆိုကာ ပစ်ခတ်၍သေဆုံးသွားသူမှာ အသက် ၆၀ ကျော်အရွယ် လယ်သမားဖြစ်ကြောင်း ဇနီးဖြစ်သူပြော

ကျောက်ဖြူတွင် တပ်မတော်က AA ဟုဆိုကာ ပစ်ခတ်၍သေဆုံးသွားသူမှာ အသက် ၆၀ ကျော်အရွယ် လယ်သမားဖြစ်ကြောင်း ဇနီးဖြစ်သူပြော

ခိုင်မင်း — ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တပ်မတော်က AA ဟုဆိုကာ ပစ်ခတ်လိုက်၍ သေဆုံးသွားသူမှာ လယ်လုပ်ကိုင်နေသည့် အသက် ၆၇ နှစ်အရွယ် ဦးကြိုးကြာဥဖြစ်ကြောင်း မိသားစုဝင်များက ပြောဆိုသည်။

ကျောက်ဖြူမြို့နယ်၊ စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်အတွက် လစာငွေများထုတ်ယူရန် ကျောက်ဖြူမြို့သို့ ဇွန် ၃၀ ရက်နေ့က မော်တော်ယာဉ်များဖြင့်သွားကြစဉ် စစ်တော-ကျောက်ဖြူကားလမ်းပေါ်ရှိ သစ်သားတံတား အနီးအရောက်တွင် အေအေမှမိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းသို့ပစ်ခတ်မှုအတွင်း AA ဖက်မှ အလောင်းတစ်လောင်းကို မိုင်း‌ထောင်ရာတွင်အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိကြောင်းလည်း တပ်မတော်၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

သေဆုံးသူ၏ဇနီးဖြစ်သူ ဒေါ်ပုကြည်မက “လယ်ထွန်နေတဲ့ ကျွန်မယောကျ်ားကို ထမင်းပို့မလို့သွားတဲ့အခါ မိုင်းပေါက်ပြီးတော့သေနတ်ပစ်ကြတယ်။ ပစ်ခတ်တဲ့နေရာနဲ့ ကျမတို့လယ်ဟာ မနီးမဝေးဘူးပေါ့။ ကျွန်မ ယောကျ်ားလယ်ထွန်နေတာကို သေနတ်နဲ့ပစ်လိုက်တော့ မှောက်သွားတယ်။ ယောကျ်ားဆီကို သွားကြည့်ချင် ပေမယ့် အပစ်ခံရမှာကြောက်လို့ သွားမကြည့်ရဲဘဲထွက်ပြေးတော့ ကျမကိုလည်းပစ်မယ်လုပ်သေးတာ” ဟု ပြောသည်။

ထို့နောက် သေဆုံးသူ၏ရုပ်အလောင်းအား တပ်မတော်က ကားပေါ်တင်၍ယူဆောင်သွားခဲ့ပြီး ၎င်းကိုလည်း ဖမ်းဆီးကာ သစ်ပုတ်တောင်စခန်း၌ တစ်ညထိန်းသိမ်းထားခဲ့ကြောင်း ဒေါ်ပုကြည်က ဆိုသည်။

ယင်းနောက် ဒေါ်ပုကြည်ကို ကျောက်ဖြူမြို့မရဲစခန်းသို့ လွှဲပြောင်းခဲ့ပြီး ရဲခစန်းမှ ပြန်လည်လွှတ်ပေး လိုက်ကြောင်း ၎င်းကရှင်းပြသည်။

“ဖမ်းသွားတဲ့အချိန်မှာတော့ ကျမကိုရှေ့ကကားနဲ့ခေါ်သွားပြီး ကျမရဲ့ အမျိုးသားအလောင်းကို နောက်ကကားနဲ့ တင်လာကြတယ်” ဟု ဒေါ်ပုကြည်မက ဆိုသည်။

ယင်းသို့ ပစ်ခတ်ခံရ၍သေဆုံးသွားသည့် ဦးကြိုးကြာဥသည် ပျားတဲကျေးရွာတွင်နေထိုင်ကာ လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်းနှင့် ၎င်း၏ရုပ်အလောင်းကိုယူဆောင်ကာ သဂြိုလ်ခွင့်ရစေလိုကြောင်း မိသားစု ဝင်များကပြောသည်။

သေဆုံးသူ၏မိသားစုဝင်များ ပြောဆိုချက်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ထွန်းထွန်းညီနှင့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ထို့ပြင်ပစ်ခတ်မှုဖြစ်ပွားခဲ့သော နေရာအနီးပတ်ဝန်းကျင်မှ မသင်္ကာသူ အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး (၂)ဦး တို့အားဖမ်းဆီးရမိပြီး လိုအပ်သည့်စစ်ဆေးမှုများလုပ်ဆောင်ရန် ကျောက်ဖြူမြို့မရဲစခန်းကို လွှဲပြောင်းပေး သွားမည်ဖြစ်ကြောင်း ဇွန်လ ၃၀ ရက်နေ့က တပ်မတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ဖမ်းဆီးခံရသူ ၁၂ ဦးမှာ ဇူလိုင်လ ၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းလည်း သိရသည်။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...