ဖားကန့် မြေစာပုံပြိုကျ၍ သေဆုံးသူများထဲတွင် ရခိုင်လူမျိုး အလောင်း၂၈ လောင်းတွေ့ရှိထား၊ ဒဏ်ရာရရှိထားသူ ၂ဝ အထက်ရှိ

ဖားကန့် မြေစာပုံပြိုကျ၍ သေဆုံးသူများထဲတွင် ရခိုင်လူမျိုး အလောင်း၂၈ လောင်းတွေ့ရှိထား၊ ဒဏ်ရာရရှိထားသူ ၂ဝ အထက်ရှိ

ဆောင်းဇာခြည် — ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာတွင် ဇူလိုင် ၂ ရက်နေ့ နံနက် ၈ နာရီခန့်က မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူများထဲတွင် ရခိုင်အမျိုးသား အလောင်း ၂၈ လောင်း တွေ့ရှိထားပြီး ဒဏ်ရာရရှိထားသူ ၂ဝ အထက်ရှိနေကြောင်း ရခိုင်ပြည်နယ်မှ ဖားကန့်သို့ ရောက်ရှိနေပြီး သေဆုံးသူများ၏ အလောင်းကို ရှာဖွေရာတွင် ပါဝင်သူ ကိုဌေးဝင်းက ပြောသည်။

ကိုဌေးဝင်းက “၂၈ လောင်းတွေ့ထားပါပြီ။ ရခိုင်က ၂၉ လောင်းမှာ နောက်တစ်လောင်းက ရှာနေဆဲပါ။ အလောင်းတွေကတော့ မစုံသေးဘူး။ ထပ်ရှာနေပါသေးတယ်။ ထပ်ရမယ့်အလောင်းတွေထဲမှာ ရခိုင်ပါလာဦးမလားတော့ မပြောတတ်သေးပါဘူး။ ကျွန်တော်တို့ ရထားတဲ့စာရင်းမှာတော့ အခုအချိန်ထိ ရခိုင်က ၂၈ လောင်းနဲ့ ရှာဖွေနေဆဲဖြစ်တဲ့ နောက်တစ်လောင်းရယ်ပါ။ အခုရထားတဲ့ ၂၈ လောင်းမှာ ပေါက်တောမြို့နယ်က အများဆုံးပါနေပါတယ်။ လောလောဆယ် ပျောက်နေသေးတဲ့ အလောင်းတွေကို ထပ်ရှာနေသေးတာဆိုတော့ ပေါက်တော ဘယ်ရွာတွေကပါနေလဲ၊ ဘယ်မြို့နယ်တွေကပါနေလဲဆိုတာတော့ အတိကျပြောဖို့ ခက်တယ်” ဟု နိရဉ္စရာသို့ ပြောသည်။

သေဆုံးသူအလောင်း ၂၈ လောင်းတွေ့ရှိထားသည့်အပြင် ဒဏ်ရာရရှိထားသူ ရခိုင်အလုပ်သမား ၂ဝ အထက်လည်း ရှိနေကြောင်း၊ ယင်းထဲမှ ဒဏ်ရာပြင်းထန်သူတို့မှာ မြစ်ကြီးနားမြို့နှင့် တခြားနီးစပ်ရာ မြို့နယ်များသို့ သွားရောက်ဆေးကုလျှက်ရှိကြောင်း ၎င်းက ပြောသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာစုပေါင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ဟောင်းဖြစ်ပြီး မိုးရွာသွန်းမှုများသောကြောင့် မြေစာပုံများ ပြိုကျကာ ကျောက်တွင်းထဲ၌ ကျောက်ရှာဖွေနေသူများ နွံနစ်ပြီး သေဆုံးကာ ထိခိုက် ဒဏ်ရာ ရရှိခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီခွဲထိ သေဆုံးသူအလောင်း ၂၁ဝ ခန့်ရရှိနေပြီဖြစ်ကြောင်း ကျန်ရှိနေသေးသည့် အလောင်းများအား ဖားကန့်မြို့နယ် မီးသတ်ဌာန၊ ကြက်ခြေနီအသင်းနှင့် တခြားပရဟိတအသင်းတို့မှ ကူညီရှာဖွေ ကယ်ဆယ်လျှက်ရှိကြောင်း ၎င်းက ပြောသည်။

ကိုဌေးဝင်းက “ကျွန်တော်တို့လည်း ဒီကိစ္စနဲ့ ရှုပ်နေတာမို့ အလောင်းတွေကို လိုက်စုနေတုန်းမို့ ဘယ်မြို့နယ် တွေက ပါနေလဲ စစ်ဖို့ အချိန်မရသေးဘူး။ တခြား ဖေ့စ်ဘုတ်ပေါ်မှာ တက်နေတဲ့ ဟို ရခိုင်က ၆၆ လောင်း ရထားပြီတို့၊ ဘယ်မြို့က ဘယ်နှစ်ယောက်တို့ပါတယ်ဆိုတာတွေက ကောလာဟလတွေပါ။ အခုအချိန်မှာ အဲဒါတွေကို မယုံစေချင်ဘူး” ဟု ဆက်ပြောသည်။

လက်ရှိတွင် ကယ်ဆယ်ရရှိထားသည့် အလောင်းများထဲမှ မိသားစုနှင့် နီးစပ်သူတို့၏ အလောင်းများအား ၎င်းတို့အစီစဉ်ဖြင့် သင်္ဂြိုလ်ရန် ယူဆောင်သွားခဲ့ကြကြောင်း၊ မိသားစုဝင်များနှင့် ဝေးနေသူများ၏ အလောင်းများအား ဖားကန့်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပရဟိတအသင်းတချို့တို့က ဝှေခါသင်္ချိုင်း၌ သင်္ဂြိုလ်ပေးလျှက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းသွားရောက် ရှာဖွေသူ သုံးသိန်းခန့် ရှိကြောင်း ကိုဌေးဝင်းက ပြောသည်။

(Photo by Arakan Lay)

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...