ရသေ့တောင်မြို့နယ်တွင် တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်ဟု ကာယကံရှင် အမျိုးသမီးပြောဆို

ရသေ့တောင်မြို့နယ်တွင် တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်ဟု ကာယကံရှင် အမျိုးသမီးပြောဆို

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ဦးဂါကျေးရွာမှ သားသမီး ၄ ယောက်၏ မိခင် အသက် (၃၇) ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးကို ဇွန်လ ၃ဝ ရက်နေ့ ညနေ ၁၁ နာရီအချိန်ခန့်က တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်ခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးက ထုတ်ဖော်ပြောဆိုသည်။

အဓမ္မပြုကျင့်ခံရသူ ကာယကံရှင်အမျိုးသမီး --------- (၃၇) နှစ်က “ စစ်ဆေးစရာရှိတယ်ဆိုပြီး တပ်မတော်သား ၄ ဦးက ကျမကို ကျမအိမ်ကနေ ကျမယောက္ခမအိမ်ကို ခေါ်တယ်။ ပြီးတော့ ကျမကို အကျပ်ကိုင်တယ်။ သေနတ်နဲ့ ပစ်သတ်ဖို့၊ ဓားနဲ့ထိုးဖို့ဆိုပြီးတော့ ပြောတယ်။ ကျမယောက္ခမအိမ်ကို ရောက်တာနဲ့ ၄ ယောက်မှာ တစ်ယောက်တော့ ဘာမှ မလုပ်ဘူး။ ၃ ယောက်က ကျမကို အဓမ္မပြုကျင့်တယ်။ နောက်ပြီး ကျမကို ဘာသတင်းမှ မပေါက်ကြားစေနဲ့၊ ပေါက်ကြားရင် သတ်ပစ်မယ်ဆိုပြီး ကျမကို ခြိမ်းခြောက်သေးတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

အဓမ္မပြုကျင့်ခံရသူ၏ အိမ်ခြံဝင်းထဲတွင် အိမ် ၄ ဆောင်ရှိပြီး ဇွန်လ ၃ဝ ရက်နေ့ ညနေက မြောက်ဘက်အဆုံးက အိမ်တွင် တပ်မတော်သား ၄ယောက် နေထိုင်ခဲ့ပြီး တခြားရွာထဲက အိမ်များတွင်လည်း တပ်မတော်သားများ နေထိုင်ခဲ့ကြောင်း သူကပြောသည်။

“ ကျမကို နိုင်ထက်စီးနင်းလုပ်ပြီးရင်။ ကျမသမီးကိုလည်း ဆွဲခေါ်တယ်။ ကျမသမီးကိုလည်း နိုင်ထက်စီးနင်း လုပ်ဖို့ကြံစည်တယ်။ ကျမသမီးက ကလေးမွေးထားတာ ခြောက်ရက်ဘဲရှိသေးတယ်။ ကျမသမီးကိုတော့ နိုင်ထက်စီးနင်း မလုပ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ထဲက တစ်ယောက်က သူတို့ကိုလာတားတယ်။ အဲဒါကြောင့် မလုပ်ခဲ့ဘူး” ဟု သူကဆက်ပြောသည်။

၎င်းအမျိုးသမီး အပါအဝင် ဦးဂါကျေးရွာသားအချို့မှာ တပ်မတော်သားများဝင်လာသဖြင့် ကျေးရွာသားများမှာ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းသို့ နိရဉ္စရာ သတင်းဌာနက ဆက်သွယ်မေးမြန်းရာ ၎င်းဖြစ်စဉ်မှာ မဟုတ်ကြောင်း၊ ဝါဒဖြန့်ချီခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်။

“ အဲဒါမဟုတ်ဘူး။ ဝါဒဖြန့်နေကြတာ။ စစ်သားဆိုတာ ကင်းနဲ့ နေတာ။ သူအဖွဲ့နဲ့ သူကင်းနဲ့နေတာ။ စစ်သားတွေမှာ အမြဲတမ်း ကင်းအဖွဲ့ဆိုတာလည်း ရှိပြီးသား။ ကင်းစစ်အဖွဲ့ဆိုတာလည်း ရှိတယ်။ အဲလို့ မဟုတ်က၊ ဟုတ်က သွားလုပ်လို့ မရဘူး။ ရန်သူ့နယ်မြေထဲမှာ အမိန့်မရဘဲ သွားလို့မရဘူး။ အဲဒီနေ့က ဦးဂါရွာမှာ တပ်မတော်သားတွေ နေခဲ့တာလည်း မရှိဘူး”ဟု ဗိုလ်မှူးကြီး မင်းသန်းက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းသို့ ဇူလိုင် ၂ ရက် နံနက် ၁ဝ နာရီ မိနစ် ၃ဝ က ဆက်သွယ် မေးမြန်းခဲ့ရာ သူက “အဲဒီကိစ္စ ကျွန်တော်တို့ သတင်းအတိကျ အသေးစိတ် မရသေးဘူး။ အဲဒါကို အခု စုံစမ်းဆဲဖြစ်နေတယ်။ ကျွန်တော် အခုပဲ စောင့်နေတာ အဲဒီသတင်းကို” ဟု ပြောဆိုသည်။

ဦးဂါကျေးရွာအုပ်ချုပ်ရေးမှူးဦးလှအောင်ဇံက “ အဲဒီနေ့က ကျနော်ရွာမှာ မရှိဘူး။ ကျနော်မှာ ကလေး နေမကောင်းလို့ စစ်တွေကို ဆေးခန်းပြဖို့ရောက်နေတယ်။ ရွာအခြေအနေကိုတော့ ကျနော်လည်း တိတိကျကျမသိဘူး။ သူတို့နဲ့ကျနော်နှင့် အဆက်သွယ်လည်း မလုပ်ရသေးဘူး” ဟု ပြောသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...